ဂြိုဟ်သားများနှင့် အမည်မသိပျံသန်းဝတ္ထု (UFO) များဆိုင်ရာ အစိုးရမှတ်တမ်းများကို ထုတ်ပြန်ရန် ပင်တဂွန်စစ်ဌာနချုပ်နှင့် အခြားဖက်ဒရယ်အေဂျင်စီများကို ညွှန်ကြားသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
“လူထုရဲ့ စိတ်ဝင်စားမှု အလွန်မြင့်တက်နေတာကြောင့် ကမ္ဘာ့ပြင်ပသက်ရှိတွေ၊ အမည်မသိ ဝေဟင်ဖြစ်စဉ် (UAP) တွေနဲ့ အမည်မသိပျံသန်းဝတ္ထု UFO တွေအပြင် အင်မတန် ရှုပ်ထွေးနက်နဲပြီး အရေးကြီးတဲ့ဒီကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ အစိုးရဖိုင်တွဲတွေကို ရှာဖွေထုတ်ပြန်ပေးဖို့ ကာကွယ်ရေးဝန်ကြီးနဲ့ အခြားသက်ဆိုင်ရာဌာနတွေကို ကျွန်တော် ညွှန်ကြားသွားမှာဖြစ်ပါတယ်” ဟု ထရမ့်က Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ မှတ်တမ်းဖိုင်တွဲများတွင် မည်ကဲ့သို့သော အချက်အလက်များ ပါဝင်နေပြီး မည်သည့်အချိန်တွင် ထုတ်ပြန်မည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ပင်တဂွန်စစ်ဌာနချုပ်သည် မကြာသေးမီနှစ်များအတွင်း UFO ဖြစ်ရပ်အစီရင်ခံစာများကို စာရင်းပြုစုခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။
သို့ရာတွင် ဂြိုဟ်သားများ ရှိနေကြောင်း အထောက်အထား မတွေ့ရှိရသေးဟု ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ပင်တဂွန်စစ်ဌာနချုပ်က ထပ်လောင်းအတည်ပြုထားသည်။
အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက ပေါ့ဒ်ကတ်စ်အစီအစဉ်တစ်ခုတွင် ဂြိုဟ်သားများ ရှိနေကြောင်း အတည်ပြုသည့်ပုံစံမျိုး ပြောကြားခဲ့သဖြင့် မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီးနောက် ထရမ့်၏ ယခု ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဂြိုဟ်သားများ တကယ်ရှိသလားဟု မေးမြန်းမှုကို အိုဘားမားက “သူတို့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တော့ မတွေ့ဖူးသေးဘူး” ဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။
သမ္မတဟောင်းအိုဘားမားက ၎င်း၏ ပြောကြားချက်မှာ စကြဝဠာကြီး၏ အင်မတန်ကြီးမားကျယ်ပြောမှုအရ အခြားဂြိုဟ်များတွင် သက်ရှိများရှိနေနိုင်သည့် သင်္ချာဆိုင်ရာ ဖြစ်နိုင်ခြေကို ရည်ညွှန်းခြင်းဖြစ်ကြောင်း အင်စတာဂရမ်တွင် နောက်ပိုင်း၌ ပြန်လည်ရှင်းလင်းခဲ့သည်။
“ဒါပေမဲ့ နေအဖွဲ့အစည်းတွေကြားက အကွာအဝေးဟာ အရမ်းကြီးမားလွန်းတဲ့အတွက် သူတို့(ဂြိုဟ်သား)တွေ ကျွန်တော်တို့ဆီ ရောက်လာဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းပါတယ်။ ကျွန်တော် သမ္မတ တာဝန်ယူစဉ်မှာလည်း သူတို့တွေ ကျွန်တော်တို့နဲ့ ဆက်သွယ်ခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုး တစ်ခုမှ မတွေ့ခဲ့ရပါဘူး” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။
သမ္မတဟောင်း အိုဘားမား၏ အဆိုပါ မှတ်ချက်များနှင့် ပတ်သက်၍ မေးမြန်းမှုကို ထရမ့်က “အဲဒါတွေ တကယ်ရှိသလား၊ မရှိဘူးလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ တစ်ခုပြောနိုင်တာက သူ (အိုဘားမား) ဟာ လျှို့ဝှက်သတင်းအချက်အလက်တွေကို ထုတ်ပြောခဲ့တာပဲ။ ဒါမျိုး သူ မလုပ်သင့်ဘူး။ သူ အမှားကြီး မှားသွားတာပဲ” ဟု သတင်းထောက်များကို ကြာသပတေးနေ့က ပြောကြားခဲ့သည်။
UFO ဟု လူအများသိကြသည့် အမည်မသိပျံသန်းဝတ္ထုများနှင့် ဆက်စပ်သည့် အကြောင်းအရာသည် အများပြည်သူ စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိထားသည်။
အမေရိကန်အစိုးရသည် ဂြိုဟ်သားများနှင့် ပတ်သက်သည့် အထောက်အထားများကို ဖုံးကွယ်ထားသည်ဟူသော လျှို့ဝှက်ကြံစည်သီအိုရီများကလည်း ယင်းစိတ်ဝင်စားမှုကို ပိုကြီးထွားလာစေကြောင်း CNN သတင်းတွင် ဖော်ပြသည်။
မကြာသေးမီ နှစ်များအတွင်း အမေရိကန်အစိုးရအနေဖြင့် အဆိုပါ UFO ကိစ္စများနှင့် ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာမှု ရှိစေရေး တောင်းဆိုမှုများ ရှိခဲ့သည်။
ယင်းတွင် ၂၀၂၃ ခုနှစ်က ပြုလုပ်ခဲ့သည့် အောက်လွှတ်တော် ကြားနာပွဲလည်း ပါဝင်သည်။
အဆိုပါ ကြားနာပွဲ၌ အမေရိကန်စစ်မှုထမ်းဟောင်း သုံးဦးက UAP (အမည်မသိ ထူးခြားဆန်းပြားသော ဖြစ်စဉ်များ) တွေ့ရှိရခြင်းသည် အမျိုးသားလုံခြုံရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်၍ အမေရိကန်အစိုးရအနေဖြင့် ယင်းတို့အပေါ် လျှို့ဝှက်လွန်းနေကြောင်း သတိပေး ပြောကြားခဲ့ကြသည်။
Source: CNN







