အီရန်အနေဖြင့် ၎င်း၏ အဏုမြူစီမံကိန်းနှင့် ပတ်သက်၍ ၁၀ ရက်မှ ၁၅ ရက်အတွင်း သဘောတူညီချက်တစ်ရပ် ရရှိအောင် ဆောင်ရွက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သတိပေးပြောဆိုလိုက်သည်။
ယင်းသို့ မလုပ်ဆောင်ပါက အင်မတန် ဆိုးရွားသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ စစ်အင်အားတိုးချဲ့မှုများကြောင့်ပိုမိုကျယ်ပြန့်သည့် စစ်ပွဲတစ်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေစဉ် ထရမ့်က ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အမေရိကန်၏ တိုက်ခိုက်မှုကို ခံရပါက အရှေ့အလယ်ပိုင်းဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို လက်တုံ့ပြန်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အီရန်ဘက်က တုံ့ပြန်သည်။
ထိပ်တိုက်ရင်ဆိုင်တင်းမာမှုများကို အဆုံးသတ်ရန် အီရန်နှင့် ဆွေးနွေးမှုများ အဆင်ပြေချောမွေ့လျက် ရှိသော်လည်း အီရန်အနေဖြင့် ခိုင်မာလေးနက်သည့် သဘောတူညီချက်တစ်ရပ် ရရှိအောင် လုပ်ဆောင်ရမည်ဟု ထရမ့်က ဖိအားပေးတောင်းဆိုလျက် ရှိသည်။
“ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်” ဟု ထရမ့်က ဝါရှင်တန်တွင် ပြုလုပ်သည့် ၎င်း၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) ပထမဆုံး အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယမန်နှစ် ဇွန်လက ပြုလုပ်ခဲ့သည့် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်၏ အဏုမြူစွမ်းဆောင်ရည်မှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရကြောင်း ထရမ့်က ပြောသည်။
“ကျွန်တော်တို့ နောက်ထပ်တစ်ဆင့် ထပ်တိုးလုပ်ဆောင်ရနိုင်သလို လုပ်ချင်မှလည်း လုပ်မယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“၁၀ ရက်၊ ၁၅ ရက်ဆိုတာ အချိန်လုံလောက်ပြီလို့ ကျွန်တော်ထင်တယ်၊ အဲဒါက အများဆုံးပဲ” ဟု ထရမ့်က သတင်းထောက်များကို ဖြေကြားခဲ့သည်။
သို့သော် ယင်းနှင့် ပတ်သက်၍ ထရမ့်က အသေးစိတ် ပြောဆိုရန် ငြင်းဆိုခဲ့ပြီး အင်မတန် ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း ထပ်မံသတိပေးခဲ့သည်။
အီရန်အနေဖြင့် တစ်နည်းမဟုတ်တစ်နည်းဖြင့် သဘောတူညီချက်တစ်ရပ် ရရှိအောင် လုပ်ဆောင်ရမည်ဟုသာ ထရမ့်က အခိုင်အမာ ပြောဆိုခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ ပေးပို့သော စာတွင် အီရန်အစိုးရက ၎င်းတို့အနေဖြင့် မည်သည့်စစ်ပွဲကိုမျှ စတင်မည်မဟုတ်ကြောင်း၊ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ခံရပါက မိမိကိုယ်မိမိ ခုခံပိုင်ခွင့်အရ ပြတ်ပြတ်သားသား ထိုက်ထိုက်တန်တန် တုံ့ပြန်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
“ဒေသတွင်းရှိ ရန်လိုသော အင်အားစုများ၏ စစ်အခြေစိုက်စခန်းများ၊ အဆောက်အအုံများနှင့် ပိုင်ဆိုင်မှုအားလုံးသည် တရားဝင် တိုက်ခိုက်ရမည့် ပစ်မှတ်များ ဖြစ်လာလိမ့်မည်” ဟု အဆိုပါ စာထဲတွင် ရေးသားထားသည်။
ယင်းအပြင် “ခန့်မှန်းမရနိုင်သော၊ ထိန်းချုပ်မရနိုင်သော နောက်ဆက်တွဲ အကျိုးဆက်အားလုံးအတွက် အမေရိကန်ပြည်ထောင်စုတွင် လုံးဝဥဿုံ တိုက်ရိုက်တာဝန်ရှိသည်” ဟုလည်း ဆိုသည်။
အီရန်၏ အဏုမြူစီမံကိန်းနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းမှုများမှာ ကွာဟချက်ကြီးမားနေဆဲဖြစ်ပြီး အီရန်ကို ဗုံးကြဲတိုက်ခိုက်မည်ဆိုသည့် ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
ကြာသပတေးနေ့တွင် ရုရှားကော်ဗတ်တိုက်သင်္ဘောတစ်စင်းသည် ကမ္ဘာ့စွမ်းအင်ထောက်ပံ့ဖြည့်တင်းရေးလမ်းကြောင်းတွင် အရေးပါသော အိုမန်ပင်လယ်ကွေ့အတွင်း ပြုလုပ်သည့် အီရန်၏ ရေတပ်စစ်ရေးလေ့ကျင့်မှု၌ ပူးပေါင်းပါဝင်ခဲ့သည်။
Source: Reuters







