ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ဆီ ပြန်သွားရေး ကုလအကြီးအကဲ တိုက်တွန်း

April 4, 2025

မြန်မာနိုင်ငံတွင် လက်ရှိပဋိပက္ခများကို အဆုံးသတ်ပြီး နိုင်ငံအနှံ့မှ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် တညီတညွတ်တည်း အဖြေရှာရမည့် အချိန်ရောက်နေပြီဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယမန်နေ့ (ကြာသပတေးနေ့) က တိုက်တွန်းပြောကြားလိုက်သည်။

လက်ရှိစိတ်ထိခိုက်ကြေကွဲစရာအခိုက်အတန့်ကို မြန်မာပြည်သူများအတွက် အခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ရန်အတွက် အကြမ်းဖက်မှုများ ရပ်တန့်ကာ ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးပြီး ဒီမိုကရေစီစနစ်ကို ပြန်သွားမည့် လမ်းကြောင်းတစ်ခု ပါဝင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးကို ၎င်းက တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများ လိုအပ်နေသည့် ငြိမ်းချမ်းရေးနှင့် အသက်ကယ်ဆယ်ရေးထောက်ပံ့မှုများအတွက် ဆက်လက်တွန်းအားပေးသွားမည်ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး တွမ်ဖလက်ရှာသည်လည်း ယနေ့ ဧပြီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့သည်လည်း လာမည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်မည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသည်။

ယင်းခရီးစဉ်မှာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပေါ်ပေါက်ရေးအတွက် ကုလသမဂ္ဂ၏ စိတ်ပိုင်းဖြတ်မှုကို ထပ်မံအားသစ်လောင်းရန် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံသည် အကြွင်းမဲ့ပျက်စီးခြင်းအခြေအနေဆိုက်နေပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးပေါ်ရန်ပုံငွေများ တိုးမြှင့်ထည့်ဝင်ကြရန် ၎င်းက ဆော်ဩလိုက်သည်။​

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အကူအညီများ အတားအဆီးမရှိ ပေးနိုင်ရေးကိုလည်း ၎င်းက တောင်းဆိုလိုက်သည်။

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် ကုလသမဂ္ဂအရေးပေါ်အခြေအနေတုံပြန်ရေးရန်ပုံငွေဗဟိုဌာန (Central Emergency Response Fund (CERF) ကအမေရိကန်ဒေါ်လာ ၅ သန်း ထောက်ပံ့ပေးထားသည်။

ကုလသမဂ္ဂလက်အောက်ခံ UNOPS ကလည်း ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အစားအစာ ၊ နေရာထိုင်ခင်း ၊ ရေ ၊ သန့်ရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ပေးရန် ဒေါ်လာ ၁၂ သန်း ထောက်ပံပေးထားသည်။

သို့သော်လည်း အဆိုပါ ထောက်ပံ့မှုများမှာ မလုံလောက်သေးကြောင်း ကုလသမဂ္ဂက ၎င်း၏ တရားဝင်စာမျက်နှာမှ ထုတ်ပြန်ထားသည်။

Source: Reuters