သုတဓမ္မဒီပလိုမာ စာမေးပွဲ တနင်္သာရီတိုင်းတွင် ဖြေဆိုနိုင်

0
604
ပုံစာ- ၂၀၂၃ ခုနှစ်၊ သုတဓမ္မဒီပလိုမာ စာမေးပွဲ ထားဝယ်မြို့တွင်ဖြေဆိုစဥ်။ Photo - Eaindra Nyana

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ တည်ထောင်သည့် ပညာဘူမိတက္ကသိုလ်မှ ကျင်းပသော သုတဓမ္မဒီပလိုမာ စာမေးပွဲ ကို တနင်္သာရီတိုင်း ထားဝယ်မြို့ နှင့် မြိတ်မြို့ တို့တွင် ဖြေဆိုနိုင်ကြောင်း သက်ဆိုင်ရာစာဖြေဌာနများထံမှသိရသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် စာဖြေဌာန ၄၂ ခုရှိပြီး မြိတ်မြို့၊တပ်ပြင်ရပ် စံကျောင်းတိုက်တွင် တနင်္သာရီစာဖြေဌာန ၁ အဖြစ်လည်းကောင်း၊ ထားဝယ်မြို့၊ မြို့မယဥ်ငေးသာသနာရိပ်သာတွင် တနင်္သာရီစာဖြေဌာန ၂ အဖြစ်လည်းကောင်း တနင်္သာရီတိုင်းအတွက် စာဖြေဌာန ၂ ခု ဖွင့်လှစ်ထားသည်။

စာမေးပွဲကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြီး Level ၃ ဆင့်ဖြေဆိုရကာ အောင်မြင်ပါက ဒီပလိုမာအပ်နှင်းမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ၊ဇွန်လတွင်ကျင်းပမည့် သုတဓမ္မဒီပလိုမာစာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို မတ်လ ၈ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာဘူမိတက္ကသိုလ်က ကြေညာထားသည်။

“ လျှောက်လွှာကတော့ အွန်လိုင်းက ကိုယ်တိုင်တင်လို့လည်းရတယ်။ ဒါပေမဲ့ အခက်အခဲရှိမယ့်သူတွေဆိုရင် စာဖြေဌာနတွေမှာဆက်သွယ်ပြီးဖြည့်လို့ရတယ်။ အခု ၆ လပိုင်းအတွက် ကျင်းပမယ့်စာမေးပွဲမှာ ထားဝယ်က စာဖြေသူ ၁၀၀ လောက်ဖြေမယ်လို့လျာထားတယ် “ ဟု တနင်္သာရီစာဖြေဌာန ၂ တာဝန်ခံကပြောသည်။

၂၀၂၂ နှင့် ၂၀၂၃ တွင် ကျင်းပသည့် သုတဓမ္မဒီပလိုမာစာမေးပွဲများတွင် ထားဝယ်စာဖြေဌာန နှင့် မြိတ်စာဖြေဌာနတို့မှ ဒီပလိုမာရရှိသူ တစ်ဦးစီရှိကြောင်း စာဖြေဌာနများ၏မှတ်တမ်းတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိကျင်းပခဲ့သည့် ပညာဘူမိတက္ကသိုလ် ၏ သုတဓမ္မဒီပလိုမာ ဘွဲ့နှင်းသဘင်တွင် စာဖြေဌာန ၄၂ ခုက ဖြေဆိုအောင်မြင်သူ ၂၆၁၈ ဦး ကို ဒီပလိုမာပေးအပ်ခဲ့သည်။