မြန်မာစစ်ဘေးရှောင်များကို လာမည့်ရက်ပိုင်းအတွင်း စတင်ကူညီနိုင်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆို

0
718
ပုံ - အကူအညီများ စတင်ပေးအပ်နိုင်ရေး တာခ့်ခရိုင်နယ်စပ်ကို ကွင်းဆင်းလေ့လာနေစဉ်

မြန်မာနိုင်ငံတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို လာမည့်မတ်လ ပထမပတ်မှစ၍ ပေးအပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara ကဆိုသည်။

မြန်မာနိုင်ငံက တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ်ဖြစ်သော မဲဆောက်မြို့နယ် တာခ်ခရိုင်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော စစ်ဘေးရှောင်အားလုံးကို အကူအညီများ စတင်ပေးအပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

အကူအညီပေးရေးတွင် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ပါဝင်မည်ဖြစ်ပြီး ထိုင်းနှင့် မြန်မာကြက်ခြေနီအသင်းများ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

ယင်းအစီအစဉ်ကို မြန်မာစစ်ကောင်စီကလည်း ထောက်ခံထားပြီး မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်များ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့်လည်း ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းအစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံသားများထံသို့ အကူအညီများ မှန်မှန်ကန်ကန် ရောက်ရှိနိုင်ရေး အာဆီယံကလည်း စောင့်ကြည့်နေမည်ဖြစ်ပြီး နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ – ICRC လည်းပါဝင်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းအစီအစဉ်ကို ပြီးခဲ့သည့်လက လာအိုနိုင်ငံတွင်ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအားလုံးက သဘောတူခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံက ဦးစီးလုပ်ဆောင်နေခြင်းဖြစ်သည်။

ယင်းအစီအစဉ်ကို အမေရိကန်၊ ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံများကလည်း ထောက်ခံထားသည်။

အာဆီယံသဘောတူညီချက် ၅ ရပ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးအပ်ခြင်းလည်းပါဝင်ပြီး မြန်မာနိုင်ငံအတွင်းအရှိ သက်ဆိုင်သော အဖွဲ့အစည်းများအားလုံးနှင့် ညှိနှိုင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ထားကြောင်း ဝန်ကြီးက ဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံဘက်ခြမ်းရှိ စစ်ဘေးရှောင်များထံ ပေးအပ်မည့် အကူအညီများသည် ပြည်သူလူထုများထံ တိုက်ရိုက်မရောက်မည်ကိုလည်း ဝန်ကြီးက စိုးရိမ်ကြောင်း ပြောကြားထားသည်။

Ref: Thai PBS world