မြန်မာပြည်သူ ၂၆ သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး ၁၈သန်းကျော် အကျပ်အတည်းဆိုက်

0
493
ပုံစာ - ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်အနီးမှာ တိုက်ပွဲတွေပြင်းထန်သောကြောင့် ဒေသခံရှစ်ထောင်ကျော်ဟာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ၂၀၂၃ ခုနှစ် ဧပြီလဆန်းပိုင်းက ထွက်ပြေးတိမ်းရှောင်ကြစဉ်။

မြန်မာစစ်တပ် အာဏာသိမ်းမှုကြောင့် လူ ၂ဒသမ ၆သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး လူ ၁၈သန်းကျော် အကူအညီ လိုအပ်နေရာ ကြီးမားသောလူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကို ပိုမိုကျယ်ပြန့်လာစေရန် တွန်းအားပေးလျက်ရှိ ကြောင်း ဥရောပသမဂ္ဂနှင့် အမေရိကန်၊ ယူကေအပါအဝင် နိုင်ငံရှစ်နိုင်ငံတို့က ပူးတွဲထုတ်ပြန်လိုက်သည်။

စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်နေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့် ကိုယ်စားလှယ်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုတို့၏ နိုင်ငံခြားရေးဝန်ကြီးများတို့က ပူးတွဲထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် ဆယ်စုနှစ် တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီက လူထောင်ပေါင်းများစွာ ထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများနှင့်အတူ အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်မှုများ မြင့်မားလာခဲ့ကြောင်း ပူးတွဲကြေညာချက်က ဆိုသည်။

စစ်တပ်သည် နေအိမ်၊ ကျောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအဆောက်အအုံများနှင့် ဝတ်ပြုကိုးကွယ်သော နေရာများ အပါအဝင် အရပ်သားပြည်သူများ အသုံးပြုသည့် အခြေခံအဆောက်အအုံများကို ဖျက်ဆီးရန် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများနှင့် မီးရှို့ခြင်းများကို ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

ရိုဟင်ဂျာများ အပါအဝင် ဘာသာရေးနှင့် တိုင်းရင်းသားအသိုက်အဝန်းများအပေါ် စနစ်တကျခွဲခြားဆက်ဆံမှုများသည်လည်း အလွန်မြင့်မားလျက်ရှိကြောင်း ဆိုသည်။

နိုင်ငံရေးအခြေအနေ ဆိုးရွားလွန်းသောကြောင့် ပြည်သူများစွာ နယ်စပ်တစ်လျှောက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရ ကြောင်းလည်း ပူးတွဲကြေညာချက်တွင်ထည့်သွင်းဖော်ပြသည်။

ယင်းအပြင် ကျား/မ အခြေပြု အကြမ်းဖက်မှု၊ ငြိမ်းချမ်းစွာဆန္ဒပြခြင်းနှင့် သတင်းမီဒီယာများ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကန့်သတ်ခြင်းကဲ့သို့ အခြေခံကျသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြင်းထန်ဆုံး ရှုတ်ချကြောင်းလည်း ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် ဦးတည်ချက်လမ်းစဉ် ပြောင်းလဲလုပ်ဆောင်ရန်၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်ရန်၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အပြည့်အဝပေးခွင့်ပြုရန်၊ သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားသည်။

အာဆီယံ ဘုံသဘောတူညီချက်ကို ငါးရပ်ကိုလည်း အကောင်အထည်ဖော်ရန် တိုက်တွန်းထားသည်။ ကုလသမဂ္ဂအနေဖြင့် လည်း မြန်မာနိုင်ငံအတွက် အားထုတ်ကြိုးပမ်းမှုကို အရှိန်အဟုန်မြှင့်တင်ရန် ပူးတွဲကြေညာချက်တွင် တောင်းဆိုထားသည်။

ယင်းအပြင် မြန်မာစစ်ကောင်စီတပ် လက်နက်နှင့် စက်ပစ္စည်းကိရိယာများ ရရှိမှု ရပ်တန့်သွားစေရန် အားထုတ်မှုများတွင် နိုင်ငံတကာအသိုင်းအဝိုင်းက အဖွဲ့ဝင်နိုင်ငံများပါဝင်ကြရန် တောင်းဆိုထားသည်။