၂နှစ်ကျော်ကြာ တပ်စွဲထားသည့် စော်ဖျားစစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့မီးရှို့

0
706
ပုံစာ - Dawei Watch က ရရှိထားသည့် ရုပ်သံမှတ်တမ်းမှ ပုံများဖြစ်သည်။

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် စစ်ကောင်စီတပ်က ၂ နှစ်ကျော်ကြာတပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

စော်ဖျားကျေးရွာတောင်ပိုင်း ဘုရားကုန်းတွင် အင်အားဆယ်ဂဏန်းဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ ဇန်နဝါရီလ ၃၁ နံနက်ပိုင်းက စခန်းကို စွန့်ခွာသွားခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဒီနေ့ မနက် ၇ နာရီလောက်မှာ ‌သူတို့တွေ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ) က မြေသယ်ကားတစ်စီးနဲ့ ရွာကထွက်သွားကြတယ်။ ကားပေါ်မှာတော့ အယောက် ၃၀ လောက်ပါတယ်။ ရှိတဲ့ပစ္စည်းတွေပါသယ်ပြီးထွက်သွားကြတာ” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စခန်းစွန့်ခွာသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

Dawei Watch က ရရှိထားသည့် ရုပ်သံမှတ်တမ်းတစ်ခုတွင်လည်း စော်ဖျားစစ်ကောင်စီစခန်းထဲမှ မီးခိုးလုံးများ ထွက်ပေါ် နေပြီး စခန်းအပြင်တွင်မူ လက်နက်အပြည့်အစုံနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အော်ဟစ် အောင်ပွဲခံနေသည်ကို တွေ့ရှိရသည်။

ပျူစောထီး အားကောင်းသည့် စော်ဖျားကျေးရွာမှာ ထားဝယ်မြို့မှ ၁၅ မိုင်ခန့်အကွာတွင်တည်ရှိပြီး စစ်ကောင်စီက ၎င်းကျေးရွာတွင် ၂၀၂၁ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၂ နှစ် အစပိုင်းခန့်တွင် လာရောက်တပ်စွဲထားခြင်းဖြစ်သည်။

ထိုစခန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကလည်း မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိသည်။

၂၀၂၃ ခုနှစ် ဧပြီလကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က စော်ဖျား စခန်းသိမ်းတိုက်ပွဲတစ်ကြိမ် ဖော်ဆောင် ခဲ့ဖူးသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူနှင့် ခြေလျင်စစ်ကူများ စောစီးစွာ ရောက်ရှိလာခြင်းကြောင့် စခန်းမသိမ်းနိုင်ဘဲ ဆုတ်ခွာခဲ့ရဖူးသည်။

‌ဒလန်ရှင်းလင်းခြင်းများ၊ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသဖြင့် ‌ဒေသခံအများစုမှာ စော်ဖျားကျေးရွာတွင်နေထိုင်ခြင်း မရှိတော့ပေ။

ရွာ၏အဓိကလုပ်ငန်းဖြစ်သော ရော်ဘာလုပ်ငန်းများကိုထားပစ်ခဲ့ပြီး တိမ်းရှောင်နေထိုင်နေကြရသည်။

ရွာထဲတွင် စစ်ကောင်စီစခန်းနှင့် ပျူစောထီးများ ကြီးစိုးထားစဉ်က ရော်ဘာအစေးခြစ်ရာတွင်သော်လည်းကောင်း၊ ခရီးသွားရာတွင်လည်းကောင်း ၎င်းတို့ထံတွင် ငွေကြေးပေးဆောင်ပြီးထောက်ခံစာလုပ်ရလေ့ရှိကြောင်း ဒေသခံတို့က ဆိုသည်။

ယခုမူ ၎င်းစစ်ကောင်စီစခန်း မီးရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

ထားဝယ်အရှေ့တောဒေသရှိ ကျောက်ထုစစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိမ်းပိုက်ပြီး ရက်ပိုင်းအတွင်းတွင်ပင် စော်ဖျားစခန်းကို စစ်ကောင်စီတပ်က စွန့်ခွာသွားခြင်းလည်းဖြစ်သည်။

ယမန်နှစ်ကလည်း လောင်းလုံးမြို့နယ်ရှိ သကျက်တောရဲစခန်းကို စစ်ကောင်စီက စွန့်ခွာသွားခဲ့ဖူးသည်။