ထားဝယ်တွင် ကွမ်းသီးဈေးအနည်းငယ်ပြန်တက်

0
847

ထားဝယ်တွင် ယခုအပတ်အတွင်း ကွမ်းသီးဈေး တစ်ပိဿာလျှင် ကျပ် နှစ်ထောင် အထက်သို့ ပြန်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် လေးလခန့်က ထားဝယ် ကွမ်းသီးရာသီအဖွင့်ဈေးမှာ တစ်ပိဿာ ကျပ် နှစ်ထောင်အောက်သာရှိသော်လည်း ယခု ဇန်နဝါရီ ပထမပတ်အတွင်း ကျပ် ၂၆၀၀အထိ ဈေးတက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် သုံးလေးရက်ခန့်ကစပြီး ကွမ်းသီးခြောက် တစ်ပိဿာ ၂၆၀၀ ဈေးဖြင့် ဝယ်နေကြောင်း ထားဝယ်မြို့မှ ကွမ်းသီးပွဲရုံ ပိုင်ရှင် အမျိုးသမီးတစ်ဦးကပြောသည်။

“ကျွန်မတို့က ပြည်တွင်း ညှပ်ပွဲရုံတွေကိုပဲ ပို့တယ် ဆိုတော့ ရန်ကုန်ဘက်က ဝယ်လိုအားပေါ်မူတည်ပြီးဈေး အပြောင်းအလဲရှိတယ်” ဟု သူမကပြောသည်။

မြန်မာနိုင်ငံ တစ်နှံတစ်လျားရှိ ဒေသထွက်ကွမ်းသီးများကို အိန္ဒိယနိုင်ငံဈေးကွက်သို့အများဆုံးတင်ပို့သည်။

ပြီးခဲ့သည့် နှစ်က မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဖြစ်သည့် စစ်ကိုင်းတိုင်း တမူးနယ်စပ်ဂိတ်မှ မြန်မာအလုပ်သမားများ တရားမဝင် ဝင်ရောက်မှု မြင့်တက် နေသည်ဟုဆိုကာ အိန္ဒိယဘက်က သုံးလ ပိတ်ပြီးနောက် ပြည်တွင်းကွမ်းသီးဈေးထိုးကျခဲ့သည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်‌ရေးအဖွဲ့တို့ကြား တိုက်ပွဲများကြောင့် လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ယနေ့အထိ ရပ်တန့်နေခဲ့သည်။

ထိုကြောင့် ယမန်နှစ်က ကွမ်းသီးထိုးကျခဲ့သည်။

ယခုနှစ် အစောပိုင်းတွင် ဒေသတွင်း ပွဲရုံများတွင် ကုန်ကြမ်းလက်ကျန် နည်းလာခြင်း နှင့် ဝယ်လိုအားပေါ်မူတည်၍ ယခု ဇန်နဝါရီလ အစောပိုင်းတွင် ဈေးအတက်ဘက်ရောက်လာနေကြောင်း ထားဝယ်မြို့ရှိ ကွန်းသီးလုပ်ငန်းရှင်အသိုင်းအဝိုင်းထဲက အမျိုးသားတစ်ဦးထံမှသိရသည်။

“ပြည်ပဝယ်လိုအားကြောင့်မဟုတ်ဘူး ။လက်ရှိ ထားဝယ်ပွဲရုံတွေမှာ သိုလှောင်လက်ကျန်နည်းတာရယ်။ နောက်ထပ် ဘယ်လောက်သိုမလဲဆိုတဲ့ အပေါ်မူတည်ပြီး ဈေးအပြောင်းအလဲဖြစ်တာ”ဟု ၎င်းကပြောသည်။

၂၀၂၂ ခုနှစ် ထားဝယ်တွင် ကွမ်းသီးရာသီအဖွင့်ဈေးမှာ ၄၀၀၀ကျပ် ၅၀၀၀ကျပ်မှ စတင်ခဲ့သော်လည်း ၂၀၂၃ အောက်တိုဘာရာသီအဖွင့်ဈေးမှာ ကျပ်နှစ်ထောင်အောက်သို့ ထိုးကျသွားခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် ကျပ်နှစ်ထောင် အထက်သို့ပြန်တက်လာပြီး လက်ရှိထားဝယ်ဈေးကွက်တွင် ကွမ်းသီးခြောက် တစ်ပိဿာ ၂၆၀၀ကျပ်နှင့် ၂၇၀၀ကြား အရောင်းအဝယ်ပြုလုပ်နေကြသည်ဟု သိရသည်။