ပလက်ဝမြို့အနီး တိုက်ပွဲပြင်းထန်၊ မြို့သိမ်းယူနိုင်ရေးကြိုးပမ်းနေကြောင်း AA ပြော

0
486
ပုံစာ - ပလက်ဝမြို့အနီးရှိ စစ်ကောင်စီတပ် စကခ (၁၉) လက်အောက်ခံ ခမရ (၃၀၈) တပ်ရင်းကို ဇန်နဝါရီလ ၆ ရက်တွင် AA က သိမ်းယူထားစဉ်။ 

ချင်းပြည်နယ် ပလက်ဝမြို့အနီးတွင် စစ်ကောင်စီတပ်စခန်းအနည်းငယ်သာ ကျန်ရှိတော့ပြီး တိုက်ပွဲပြင်းထန်နေကာ မြို့ကိုသိမ်းယူနိုင်ရေး ကြိုးပမ်းနေကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။ 

ဇန်နဝါရီလ ၉ရက်နေ့ တစ်ရက်လုံး ပလက်ဝမြို့အနီးဝန်းကျင်တွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ 

AA ဘက်ကလည်း မြို့သိမ်းယူနိုင်ရေးအတွက် ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ရုပ်အလောင်းအများအပြားနှင့် လက်နက်ခဲယမ်းများ ရရှိကြောင်း ဇန်နဝါရီလ ၉ရက်တွင် AA က ထုတ်ပြန်ထားသည်။ 

ယင်းအပြင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ပလက်ဝ အစပ်ရှိ စစ်ကောင်စီတပ်၏ မီးဝဗျူဟာကိုလည်း သိမ်းယူနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဆိုသည်။ 

ယင်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ 

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်လည်း စစ်ကောင်စီတပ် ခမရ ၅၄၀ တပ်ရင်းက အင်အား ၅၀ကျော်ပါ စစ်ကြောင်းနှင့် AAတို့ သကျမာရ်အောင်ဘုရားအနီးတွင် တိုက်ပွဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၅ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသည်များလည်းရှိသည်ဟု ဆိုသည်။ 

အဆိုပါစစ်ကြောင်းသည့် ပြန်လည်ဆုတ်ခွာချိန်တွင် မြောက်ဦးမြို့ခံသုံးဦးကို ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်လိုက်ပြီး ခမရ ၅၄၀ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရကြောင်းလည်း AA က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ခမရ (၅၄၀) တပ်ရင်းအား ပြတ်ပြတ်သားသား လက်တုံ့ပြန်တိုက်ခိုက်မည်ဟုလည်း ဖော်ပြသည်။