နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုအလွန် မြန်မာ့စီးပွားရေးလားရာ

0
688
ပုံစာ - နိုဝင်ဘာ ၂၃ ရက်နေ့က ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကျင်စန်းကျော့နယ်စပ်ဂိတ်အနီး မီးလောင်နေစဉ် (ဓာတ်ပုံ - Myanmar Now)

စစ်ကောင်စီက ၂၀၂၃ သြဂုတ်လတွင် အသစ်ချမှတ်လိုက်သည့် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များတွင် စီးပွားရေးဦးတည်ချက် ပါဝင်လာခဲ့သည်။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဆိုသော အချက်ဖြစ်သည်။

သို့သော် လပိုင်းအကြာတွင်တော့ မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ် ကုန်သွယ်ရေး စခန်းများမှာ တော်လှန်ရေးအဖွဲ့များ၏ သိမ်းပိုက်မှု ခံလိုက်ရပြီဖြစ်သည်။

နိုင်ငံအနှံ့တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များ ရပ်တန့်သွားခဲ့ပြီး စိုက်ပျိုး၊မွေးမြူရေး ထုတ်ကုန်များ စျေးကွက်ပျောက်သည့် အခြေအနေကို ရင်ဆိုင်နေကြရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစကာ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် AA၊ ကိုးကန်တပ် MNDAA၊ တအာန်းတပ် TNLA တို့က ဦးဆောင်၍ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲနေပြီး ယင်းစစ်ဆင်ရေးနှင့်အတူ အခြားဒေသများတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာလကုန်ပိုင်းမှ ယနေ့(ဒီဇင်ဘာကုန်)အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ချင်းရွှေဟော်၊ မူဆယ် ၁၀၅ မိုင်၊ ရန်လုံကျိုင်းနှင့် ချင်းပြည်နယ်မှ ရိခေါရ်ဒါအပါအဝင် အရေးပါသည့် ဒေသအချို့ကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ထားပြီး ဖြစ်သည်။

ယင်းကြောင့် မြန်မာနိုင်ငံ၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ဘက် နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင် ကုန်သွယ်မှုအားလုံးနီးပါး ရပ်ဆိုင်းသွားပြီဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးနယ်စပ်ကုန်သွယ်ဘက် နိုင်ငံဖြစ်သော ထိုင်းနိုင်ငံနှင့်လည်း ကုန်သွယ်မှုအတော်များများ ရပ်ဆိုင်းနေပြီဖြစ်သလို အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးမှာလည်း ရပ်ဆိုင်းနေပြီဖြစ်သည်။

တိုင်းပြည်တစ်ခု၏ စီးပွားရေးဆိုသည်မှာ ထုတ်လုပ်မှု၊ဖြန့်ဖြူးမှု၊စားသုံးမှု ဟူသည့် ပင်မလုပ်ငန်းစဉ်သုံးရပ်ဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များထဲမှ တစ်ခုခုချွတ်ချော်သွားပါက စျေးကွက်ယန္တရား ယိုယွင်းသွားကြောင်း၊ စျေးကွက်ယန္တရား မချောမွေ့ပါက တိုင်းပြည်စီးပွားရေး ကျဆင်းပျက်စီးသွားမည် ဖြစ်ကြောင်း နိုင်ငံရေးဘောဂဗေဒ ပညာရှင်ဦးစိန်ဌေးက သုံးသပ်ပြသည်။

“ထုတ်လုပ်မှု၊ဖြန့်ဖြူးမှု၊စားသုံးမှုတွေ ကျသွားရင် တိုင်းပြည်စီးပွားရေး ကမောက်ကမဖြစ်မယ်။ တစ်ခွန်းတည်းပြောရရင် တိုင်းပြည်စီးပွားရေးကျဆင်းလိမ့်မယ်။ အခုလည်း တိုင်းပြည်စီးပွားရေးက ကျကျလာပြီ။ တိုင်းပြည်စီးပွားရေး ကျဆင်းသွားတော့ ကုန်စျေးနှုန်းတွေတက်ပြီး နေထိုင်၊စားသုံးမှုစရိတ်တွေ မြင့်တက်လာမယ်။ ပြည်သူလူထုက ပိုပိုပြီးကျပ်တည်းလာမယ်။ living standard (လူနေမှုအဆင့်အတန်း)တွေ နိမ့်ကျလာမယ်” ၎င်းကဆိုသည်။

နယ်စပ်ကုန်သွယ်ရေး

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ၄၀ ရာခိုင်နှုန်းခန့်မှာ နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ တင်ပို့နေခြင်းဖြစ်ပြီး စိုက်ပျိုး၊မွေးမြူရေး ထုတ်ကုန်များမှာ နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေကြရခြင်းဖြစ်သည်။

အများအားဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုး၊မွေးမြူရေး ထုတ်ကုန်များနှင့် သဘာဝဓာတ်ငွေ့များမှာ ကုန်းလမ်းမှတစ်ဆင့် တင်ပို့နေခြင်းဖြစ်သည်။

ယင်းသို့ပင် မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုး၊မွေးမြူရေး သွင်းအားစုများ (ပိုးသတ်ဆေး၊ဓာတ်မြေသြဇာ၊တိရီစ္ဆာန်အစာ၊စက်ပစ္စည်းစသဖြင့်)နှင့် လောင်စာဆီများကိုလည်း နယ်စပ်မှပင် တင်သွင်းနေရခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးချိန်တွင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆိုမှုကြောင့် စစ်ကောင်စီက အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုကို ပိုမိုအလေးထားလာပြီး နယ်စပ်ကုန်သွယ်ရေး မြင့်တက်လာစေရန် ဦးတည်ချက်ထား လုပ်ဆောင်ခဲ့သည်။

၂၀၂၂-၂၃ ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုပမာဏကို နှိုင်းယှဉ်ကြည့်ပါက ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ၂၆၅၈ သန်းလျော့ကျခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ ၁၂၆ သန်းခန့် မြင့်တက်လာကြောင်း စစ်ကောင်စီ၏ အကောက်ခွန်ဦးစီးဌာန ထုတ်ပြန်ချက်များအရ တွေ့ရသည်။

crd – စီးပွား/ကူးသန်း

မြန်မာနိုင်ငံ၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ဖက်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များမှာ အကြီးဆုံးကုန်သွယ်ရေးဂိတ်များဖြစ်သည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ပြောင်း၊ ဆန်၊ ရော်ဘာ၊ နှမ်း(နက်)၊ ဝ ဥခြောက်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ မြေပဲစသည့် လယ်ယာထွက်ကုန်များကို အများဆုံးတင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ချည်ထည်၊ ပလတ်စတစ်ကုန်ကြမ်း၊ ဓာတ်မြေသြဇာ၊ ဆေးဝါးနှင့် စက်ပစ္စည်းများကို ပြန်လည်တင်သွင်းသည်။

crd – စီးပွား/ကူးသန်း

မူဆယ် ၁၀၅ မိုင်ဂိတ်ကမူ ရေထွက်ကုန်များနှင့် လယ်ယာထွက်ကုန်များဖြစ်သော ဝါဂွမ်း၊ ရော်ဘာ၊ ပြောင်း၊ မြေပဲ၊ ဆန်၊ ဆန်ကွဲ၊ နနွင်းတက်၊ ချဉ်ပေါင်၊ ဖာလာ စသည့်ပစ္စည်းများ တင်ပို့သလို တရုတ်နိုင်ငံဘက်မှ စက်သုံးဆီနှင့် စက်ပစ္စည်းများ အဓိကတင်သွင်းကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ထားသော စာရင်းများအရသိရသည်။

အဆိုပါရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက လုံးဝရပ်တန့်သွားခြင်းဖြစ်ရာ ယခု ၂ လကျော်လာပြီဖြစ်သည်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင်လည်း အကြီးဆုံးနယ်စပ်စခန်းဖြစ်သည့် မြဝတီ နယ်စပ်စခန်းမှာလည်း ကုန်သွယ်မှုများ ရပ်ဆိုင်းသွားပြီဖြစ်သလို ဒုတိယအကြီးဆုံး ထီးခီးနယ်စပ်ကုန် သွယ်ရေးစခန်းမှာလည်း သဘာဝဓာတ်ငွေ့တင်ပို့မှုသာရှိတော့သည်။

လမ်းကြောင်းသစ်ရှာလာ

နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားသော်လည်း ကုန်သည်များလက်ထဲတွင် ကုန်များပိုက်မိနေသဖြင့် လမ်းကြောင်းသစ်များ ရှာဖွေကာ တင်ပို့နိုင်ရေးလုပ်ဆောင်လာကြသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် ကုန်စိမ်းများကိုမူ ကုန်းလမ်းမှတစ်ဆင့် သွားနိုင်သော အခြားနယ်စပ်ဂိတ်များမှတစ်ဆင့် တင်ပို့နေကြာင်း သိရသည်။

“ကုန်စိမ်းတွေဖြစ်တဲ့ ဖရဲ၊သခွားတို့ ဘာတို့ကတော့ အခုဖွင့်နေသေးတဲ့ ကချင်ပြည်နယ်ထဲက လွယ်ဂျယ်ဂိတ်၊ ကန်ပိုက်တီးဂိတ်၊ ကျိုင်းတုံ-တာချီလိတ်ဘက်က တာနောဂိတ်ဆိုတာရှိတယ် မိုင်းလားဘက်က ကုန်စိမ်းတွေက အဲ့လိုသွားတယ်။ တချို့နှမ်းခါးတွေလည်း အဲ့လိုသွားတယ်” ဟု နယ်စပ်ကုန်သွယ်ရေး အဖွဲ့တစ်ခုမှ တာဝန်ရှိသူ ကုန်သည်တစ်ဦးကဆိုသည်။

ကျန်ကုန်စည်အများစုမှာ ရေလမ်းမှတစ်ဆင့်သွားကြပြီး ရေထွက်ကုန်များမှာ ကာဂို(ကုန်တင်လေယာဉ်)များဖြင့် ရန်ကုန်-ကူမင်းသို့ လေကြောင်းမှ ပို့ဆောင်နေကြကြောင်း ၎င်းကရှင်းပြသည်။

“မန္တလေးလည်း သွားဖို့ရှိတယ်။ အခုတော့မထွက်သေးဘူး။ လောလောဆယ် ရန်ကုန်ကနေပဲ သွားသေးတယ်”ဟု ၎င်းကဆိုသည်။

လေကြောင်းမှ တင်ပို့မှုမှာလည်း ကုန်ကျစရိတ်ပိုများသဖြင့် တွက်ခြေမကိုက်ဟုဆိုကြသည်။

ကုန်စိမ်းများကို အခြားနယ်စပ်ဂိတ်များသို့ ပတ်ပို့ခြင်းမှာ ကုန်ကျစရိတ် အလွန်များပြီး အပျက်အစီးများကြောင်း၊ ကုန်ကျစရိတ်မှာ မူလကုန်ကျငွေထက် ၃၊၄ ဆခန့်ပိုကုန်သဖြင့် အဆင်မပြေကြောင်း နယ်စပ်ကုန်သည်များကဆိုသည်။

သို့သော် ကုန်သည်များလက်ထဲတွင် ကုန်များပိုက်မိနေသလို စိုက်ပျိုး၊မွေးမြူသူများ လက်ထဲတွင်လည်း ကုန်များရှိနေသဖြင့် စရိတ်များသော်လည်း အရှုံးခံပို့နေရကြောင်း ကုန်သည်များက ဆိုသည်။

“စိုက်ပြီးသား ပျိုးပြီးသားဖြစ်နေလို့ ပို့ရတာလေ တစ်ကယ်တော့ တွက်ခြေမကိုက်ဘူး” ဟု ရှမ်းနယ်စပ်သို့ ကုန်စိမ်းများပို့ဆောင်နေသည့် ကုန်သည်တစ်ဦးကဆိုသည်။

တောင်ယာများမှာ ပစ်ထားပါက ပျက်စီးသွားမည်ဖြစ်ပြီး တောင်သူများမှာလည်း အခြားအလုပ် မလုပ်တတ်သဖြင့် အကျိုးအမြတ်မရှိသော်လည်း ယင်းအလုပ်ကိုသာ ဆက်လုပ်နေရဦးမည်ဖြစ်ကြောင်း တောင်ယာလုပ်ကိုင်နေသူများက ဆိုကြသည်။

သွင်းကုန်များမှာမူ နယ်စပ်အပေါက်မျိုးစုံမှ လှည့်ပြီးဝင်လာနေသဖြင့် ပစ္စည်းလုံးလုံးပြတ်သွားသည် အထိမဖြစ်ကြောင်း၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ တာချီလိတ်၊ မိုင်းလားနှင့် ဝ ဘက်မှလည်း ဝင်လို့ရနေကြောင်း ကုန်သည်များထံမှသိရသည်။

သယ်ယူပို့ဆောင်ရေး စရိတ်နည်းပြီး သယ်ယူရလွယ်သည့် လမ်းကြောင်းများမှတစ်ဆင့် သွင်းကုန်များကို တင်သွင်းနေကြောင်း ကုန်သည်တစ်ဦးကဆိုသည်။

သက်ရောက်မှုများ

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်သွားသဖြင့် စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ (export earning-ပို့ကုန်ရငွေ)ရရှိမှု ရပ်တန့်သွားသလို၊ အခွန်မှရငွေများလည်း တန့်သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် စီးပွားရေးမတည်ငြိမ်မှုနှင့် စီးပွားရေးကျဆင်းမှု ဒဏ်ကိုလည်း ခံရမည်ဖြစ်ကြောင်း နိုင်ငံရေးဘောဂဗေဒ ပညာရှင်ဦးစိန်ဌေးက သုံးသပ်သည်။

“စစ်ကောင်စီက အခွန်အခမရတဲ့အပြင် နိုင်ငံခြားငွေရှားတော့ export earning (ပို့ကုန်ရငွေ)ထဲက ငါ့ဘယ်လောက်ပေးဆိုပြီး တောင်းတာပေါ့။ စောစောပိုင်းက ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်းနှုန်းကို ကျပ်ငွေလဲခိုင်းတယ်။ နောက်တော့ ၅၀ ရာခိုင်နှုန်းလျှော့လိုက်တယ်။ အခုတော့ ၃၅ ရာခိုင်းနှုန်းကို လျှော့လိုက်ပြီ အဲ့ဒါတွေ တန့်သွားတာပေါ့ မရတော့ဘူးပေါ့။ လဲတဲ့နေရာမှာလည်း အပြင်ပေါက်စျေးနဲ့ ခွာထားတော့ အဲ့ကရတဲ့ အမြတ်ကလည်း ရှိသေးတယ်။ ဒါတွေပိတ်သွားတာပေ့ါ” ဟု ၎င်းကဆိုသည်။

နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားသည့်အတွက် ကုန်သည်များ၊ စိုက်ပျိုး၊မွေးမြူသူများအပါအဝင် ထုတ်လုပ်သူများ ထိခိုက်သကဲ့သို့ စစ်ကောင်စီအတွက်လည်း များစွာထိခိုက်ကြောင်း ၎င်းကရှင်းပြသည်။

ကုန်သည်နှင့် ပြည်သူများ ထိခိုက်သည်ဆိုသော်လည်း ယခုမှထိခိုက်သည်မဟုတ်ဘဲ ယခင်ကတည်းက ထိခိုက်နေပြီးဖြစ်ကြောင်း၊ စစ်ကောင်စီက ကုန်သည်များထံမှ အခွန်အကောက်အပြင် export earning (ပို့ကုန်ရငွေ)ကို ပေါက်စျေးထက်နှိမ့်၍ ဝယ်ယူမှုကြောင့် အကျိုးများစွာရရှိနေပြီး ယင်းငွေများကို သုံးသင့်သုံးထိုက်သော ပြည်သူ့ဝန်ဆောင်မှုများတွင် အသုံးပြုခြင်းမရှိကြောင်း နိုင်ငံရေးဘောဂဗေဒ ပညာရှင်ဦးစိန်ဌေးကဆိုသည်။

“ဒီငွေတွေကို ပညာရေး၊ ကျန်းမာရေးမှာ သုံးနေသလား၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (ရေ၊မီး၊ သန့်ရှင်းသာယာရေး စသဖြင့်) တွေမှာသုံးနေသလား။ မသုံးဘူးလေ။ အခုဆေးဝါးတွေစျေးတက်တယ်။ ကုန်သည်က စျေးတင်းရောင်းတယ်ဆိုပါတော့ ဒါဆိုသူတို့က ဒီငွေတွေနဲ့ ဆေးဝါးတွေသွင်းပြီး သက်သက်သာသာနဲ့ ရောင်းပေးလိုက်ရင် စျေးကျသွားမယ်လေ။ ဒါဆိုပြည်သူမသက်သာဘူးလား။ ဒါနမူနာပေးတာ ဒါပေမဲ့ စစ်တိုက်ဖို့ သူကလေယာဉ်ဆီသွင်းနေတယ်။ အခု အဲ့ရပေါက်ရလမ်း ပိတ်သွားတဲ့အတွက် သူဒုက္ခရောက်တာပေ့ါ” ဟု၎င်းကရှင်းပြသည်။

နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားမှုကြောင့် ကုန်သည်များမှာ ဆုံးရှုံးနစ်နာမှုများရှိသလို ထုတ်လုပ်သူများ(စိုက်ပျိုး၊မွေးမြူသူ) ဘက်တွင်လည်း ထိခိုက်နစ်နာမှုများရှိကြောင်း ကုန်သည်များထံမှ သိရှိရသည်။

သို့သော် ကုန်သည်များအနေဖြင့် လမ်းကြောင်းသစ်များ ရှာဖွေနေမှုများရှိနေပြီး လာမည်နှစ်တွင်မူ ရေကြောင်းမှ တင်ပို့မှုပိုများလာနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြသည်။

“လာမယ့်နှစ်တွေကတော့ ရေလမ်းကနေ ပြောင်းပို့တာဖြစ်လာနိုင်တယ်။ ရက်ကြာတာတော့ရှိတယ်။ ကုန်းလမ်းကပတ်ပို့တာလောက်တော့ ကုန်ကျစရိတ်မများဘူး၊ နယ်ကကုန်တွေကတော့ ရန်ကုန်ဆိပ်ကမ်းကို ပို့ဖို့တောင်မလွယ်တော့ နယ်ကကုန်အများစုကတော့ ပို့လို့မရနိုင်ဘူး” ဟု ၎င်းကဆိုသည်။

တောင်သူများ၊ မွေးမြူရေး လုပ်ငန်းရှင်များမှာလည်း အခြားလုပ်ငန်းပြောင်းလဲ လုပ်ကိုင်ရန် မလွယ်သဖြင့် ရပ်လိုက်သည်မျိုး လုပ်ရန်မဖြစ်နိုင်ဘဲ အခြားသင့်တော်သည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးသည်မျိုးသာ ဖြစ်လာနိုင်ကြောင်း စျေးကွက်ကျွမ်းကျင်သူ ကုန်သည်တစ်ဦးက ရှင်းပြသည်။

“တောင်သူတွေကတော့ ဒါမှမလုပ်ရင် လုပ်စရာမရှိဘူးလေ။ သူတို့ကုန်တွေပို့မရရင် ပြည်တွင်းစျေးကွက်မှာ လိုတဲ့ကုန်တွေပြောင်းစိုက်တာမျိုးပဲ လုပ်ရတော့မှာပေါ့။ ရှမ်းမြောက်မှာဆိုရင် ဖရဲ၊သခွားတွေပို့ရခက်လာတော့ ကြံလိုဟာမျိုးပြောင်းစိုက်ကြတာပေါ့ အဲ့မှာက ကြံစက်ရုံတွေရှိတော့ စိုက်ခင်းနားမှာပဲ ပြန်ရောင်းလို့ရတယ်။ အခုတောင်း ကြံပြောင်းစိုက်နေကြပြီ” ဟု ၎င်းကဆိုသည်။

မြန်မာ့စီးပွားရေး လားရာ

စီးပွားရေး ပညာရှင်ဦးစိန်ဌေးက စစ်ကောင်စီ၏ မူဝါဒအမှားများနှင့် လက်ရှိဖြစ်ပေါ်နေသည့် စျေးကွက်ယန္တရားယိုယွင်းသွားသည့် အခြေအနေများကြောင့် မှောင်ခိုစျေးကွက် ပေါ်လာမည်ဟု ဆိုသည်။

“အာဏာသိမ်းပြီး ကတည်းက စတာပါပဲ။ ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေ လဲလှယ်မှုကို ဝင်ရောက်စွက်ဖက်တာ အဲ့ဒီမှာတင် ပြဿနာစတက်တာ စျေးကွက်ယန္တရားယိုယွင်းမှု စတာပဲ။ မဆလခေတ်ကလည်း အစိုးရက ဝင်ရောက်စွက်ဖက်ပြီးတော့ သွင်းကုန်အစားထိုးဖို့ ဘာညာလျှောက်လုပ်ရာကနေ မှောင်ခိုတွေပေါ်လာတယ်။ စျေးကွက်ယန္တရား ယိုယွင်းလာရင် တိုင်းပြည်က မှောင်ခိုစီးပွားရေးစနစ်ဖြစ်သွားမယ်။ အာဏာသိမ်းပြီးကတည်းက မှောင်ခိုဖြစ်နေပြီလေ” ဟု၎င်းက ရှင်းပြသည်။

မှောင်ခိုစီးပွားရေး စနစ်ဖြစ်လာပါက တိုင်းပြည်စီးပွားရေး ထိုးကျသွားမည်ဖြစ်ပြီး ပြည်သူလူထုမှာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်၊ လူနေမှုအဆင့်အတန်းများ နိမ့်ကျမှုဒဏ်များကို ခံစားရမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြသည်။

အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံ၏ သဘာဝတွင်းထွက်ပစ္စည်းများဖြစ်သော ကျောက်စိမ်း၊ ခဲမဖြူ၊ မြေရှားများမှာ တရားမဝင်လမ်းကြောင်း (မှောင်ခိုလမ်းကြောင်း)မှ ပြည်ပသို့ တင်ပို့နေကြခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အဓိကငွေဝင်နေသည့် အရင်းအမြစ်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့မှရသော ဝင်ငွေများဖြစ်ကြောင်း မြန်မာ့သဘာဝ သယံဇာတများ တင်ပို့မှုကို စောင့်ကြည့်လေ့လာနေသူ တစ်ဦးကဆိုသည်။

“မြန်မာ့စီးပွားရေးက အကျပဲရှိတယ်။ အခုတောင် ပြည်ပထွက်လုပ်နေကြတာ။ purchasing power (ဝယ်လိုအား) ကျတာတွေရှိနေပြီ။ သွင်းကုန်တွေဆိုလည်း မှောင်ခိုလမ်းကြောင်းကနေ သွင်းတာမျိုးတွေ ရှိလာနေပြီ” ဟု မန္တလေးမြို့အခြေစိုက် ကုန်သည်တစ်ဦးကဆိုသည်။

ယခုအခြေအနေအတိုင်း သွားပါက မြန်မာစီးပွားရေးမှာ ပြန်လည်ဦးမော့လာနိုင်မည့် အခြေအနေတွင် မရှိဘဲ စီးပွားရေးချွတ်ခြုံကျမှုဒဏ်ကို ပြည်သူများ ခံစားကြရမည်ဖြစ်ကြောင်း နိုင်ငံရေး၊စီးပွားရေး လေ့လာသူများက ထောက်ပြနေကြသည်။

နိုင်ငံတစ်ခု၏ စီးပွားရေးမှာ အခြေအနေမှာ မူဝါဒစီမံခန့်ခွဲမှု ကောင်းမွန်ခြင်း ရှိမရှိပေါ်တွင် အဓိကမူတည်နေခြင်းဖြစ်ရာ စစ်အာဏာရှင်စနစ်အောက်တွင် ကောင်းမွန်သည့် စီးပွားရေး မူဝါဒများ ဖြစ်ပေါ်လာဖွယ်မရှိကြောင်း ၎င်းတို့က သုံးသပ်ကြသည်။

“တော်လှန်ရေးမြန်မြန်ပြီးဖို့လိုတယ်။ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ မှန်ကန်တဲ့ မူဝါဒတွေရှိလာရင် တိုင်းပြည်စီးပွားရေးက ခဏပဲ(ကြိုးစားလိုက်ရင်) ပြန်တက်လာလိမ့်မယ်” ဟု စီးပွားရေး ပညာရှင်ဦးစိန်ဌေးကပြောဆိုသည်။