တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်ဟု NUG ပြော

0
737
ပုံစာ - ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ တရုတ်ရေနက်ဆိပ်ကမ်းစီမံကိန်း။ Photo – Reuters

မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာသဘောထားကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ရာတွင် အထက်ပါအတိုင်းထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကြား ပြည်သူနှင့် ပြည်သူဆက်ဆံရေးကို အလေးထားပြီး အပြန်အလှန် ချစ်ကြည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အစွမ်းကုန် မြှင့်တင်ဆောင်ရွက်သွားမည်ကြောင်း ဖော်ပြသည်။

နှစ်နိုင်ငံကြား လူမှုစီးပွားအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်သဖြင့် ထိန်းသိမ်းမြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ယင်းအပြင် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသည့် မည်သည့် အဖွဲ့ အစည်းကိုမျှ မြန်မာ့ပိုင်နက်အတွင်း အခြေချခွင့်မပြုကြောင်း NUG က ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်မီ နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်များ အပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ် ဆိုခဲ့သည့် စာချုပ်များအားလုံးကို မြန်မာနိုင်ငံက တာဝန်ယူ ဆက်ခံမည်ဖြစ်ကြောင်း ဖော်ပြသည်။

နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေးသာမက ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်စေသည့် ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးလုပ်ငန်းများ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်သွားမည်ဟုလည်း ဖော်ပြသည်။

တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်းဖြစ်ရေး မြန်မာနိုင်ငံက အမြဲကြိုးပမ်းရပ်တည်မည်ဖြစ်ကြီး တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည်ဖြစ်ကြောင်း NUG က ဆိုသည်။

တရုတ်နိုင်ငံ၏ BRI စီမံကိန်းရှိသည့် ရှမ်းမြောက်တွင် တိုက်ပွဲများပြင်ထန်နေသည်။ ယင်းသို့ တိုက်ပွဲများပြင်းထန်လာချိန် တရုတ်နိုင်ငံဘက်က တိုက်ပွဲများရပ်ဆိုင်းရန် ဖိအားပေးနေပြီး ယင်းအပေါ် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ကျော်လွှားနိုင်မည့် နည်းလမ်းရှာနေကြောင်း တအာင်းတပ်မတော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဘီဘီစီ မြန်မာပိုင်း အင်တာဗျူးတစ်ရပ်တွင် ပြောဆိုထားသည်။

ယင်းသို့ ဖိအားပေးနေချိန် NUG ၏ တရုတ်နိုင်ငံဆိုင်ရာသဘောထား ထုတ်ပြန်လာခြင်းဖြစ်သည်။