နှစ်သစ်ကူးချိန် တနင်္သာရီ ညောင်ပင်ကွင်းရွာတွင် လက်နက်ကြီးကျ၍ နေအိမ် ၇ လုံးပျက်စီး

0
1123

တနင်္သာရီမြို့နယ် ၊ ညောင်ပင်ကွင်းရွာ ၊ အရှေ့ဘက်ကမ်းတွင် နှစ်သစ်ကူးချိန် (ဒီဇင်ဘာ ၃၁ ည ၁၂ နာရီဝန်းကျင်)၌ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း ရွာသားများထံကသိရသည်။

“ ၁၂ နာရီအတိမှာ လက်နက်ငယ်အသံတွေကြားပြီးတဲ့နောက် ၊ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ် ” ညောင်ပင်ကွင်း ရွာသားတစ်ဦး ကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၆၁ တပ်ရင်းကို သွားရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ကျေးရွာတွင်းသို့ ပြန်လည်ပစ်ခတ်ခဲ့ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၇ လုံးခန့် ပျက်စီးသွားပြီး လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ဒေသခံများကပြောသည်။

ဇန်နဝါရီလ မနက်ပိုင်းတွင်မူ ညောင်ပင်ကွင်းရွာအတွင်း ရွာသားများ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ရွာသားများကဆိုသည်။

ဒီဇင်ဘာလ ၃၀ ရက်မနက်ပိုင်းကလည်း ညောင်ပင်ကွင်းရွာအနီး ရှိ ကျွဲထိန်းကွင်းတွင် ခမရ ၅၆၁ မှ စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား မိနစ်၂၀ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။