လောက်ကိုင်မြို့တွင် တိုက်ပွဲပြန်ဖြစ်

0
4502
ပုံစာ - စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၈ရက်တွင် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်မီဒီယာက ရုပ်သံမှတ်တမ်းဖြင့် ဖော်ပြထားသည်။

တရုတ်ကြားဝင်ညှိနှိုင်းပေးသဖြင့် အပစ်ရပ်ထားသည့် လောက်ကိုင်မြို့တွင် ဒီဇင်ဘာလ ၁၉ရက်မှစတင်ကာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။

ကိုးကန့်ဒေသတွင် ဒီဇင်ဘာလ ၁၀ရက်ညနေပိုင်းမှစတင်ပြီး အပစ်အခတ်ရပ်စဲသွားပြီးနောက် ဒီဇင်ဘာလ ၁၈ရက်ညနေပိုင်းတွင် စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်ဖြင့် MNDAA ၏ ခံတပ်ကို သုံးကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA အာဘော် ကိုးကန့်မီဒီယာတွင် ရုပ်သံမှတ်တမ်းနှင့်တကွ ဖော်ပြသည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် ကွမ်ရင်ရှမ် (တရုတ်ဘုံကျောင်း) နှင့် ဖီဖာရွှေနေရာမှနေ၍ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြသည်။

ယင်းနောက် ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ် လောက်ရှမ့်ထန်ဒေသ တစ်ကြောတွင် ဒီဇင်ဘာလ ၁၉ရက် နေ့လယ်ပိုင်းမှစတင်ကာ တိုက်ပွဲစတင်ဖြစ်ပွားကြောင်း MNDAA က ဆိုသည်။

တရုတ်ကြားဝင် စေ့စပ်ပေးမှုကြောင့် MNDAA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းနောက် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ လောက်ကိုင်မြို့တွင် တိုက်ပွဲများရပ်စဲသွားခြင်းဖြစ်သည်။

ဒီဇင်ဘာလ လကုန်အထိ ယာယီအပစ်ရပ်စဲရန် သဘောတူညီခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ကိုးရက်အကြာ ဒီဇင်ဘာလ ၁၉ရက်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။

တိုက်ပွဲပြန်လည်ဖြစ်ပွားမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ပြောဆိုခြင်း မတွေ့ရသေးပေ။