တော်လှန်ရေးရဲဘော်နှစ်ဦးကို လောင်းလုံးပကဖက ဖမ်းဆီးထား၍ တင်းမာမှုဖြစ်နေ

0
3852
ပုံစာ - လောင်းလုံးမြို့နယ်ပကဖ အဖွဲ့တစ်ခုဖြစ်သော နဂါးမင်းတပ်ဖွဲ့

PDF ရဲဘော်နှစ်ဦးကို လောင်းလုံးမြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဖမ်းဆီးထားသဖြင့် တင်းမာမှုများဖြစ်ပေါ်နေကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

လောင်းလုံးမြို့နယ်ပကဖ တပ်ဖွဲ့တစ်ခုဖြစ်သည့် ဝံပုလွေတပ်စုမှ အသက် ၂၄ နှစ်အရွယ် ရဲဘော်ရေခဲ၊ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် (PDF) ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်းမှ အသက် ၂၆ နှစ်ခန့်ရှိ ရဲဘော်သားကြီးတို့ကို လောင်းလုံးမြို့နယ်(ပကဖ) တာဝန်ခံများက ဖမ်းဆီးထားခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်က လောင်းလုံးမြို့အဝင် အုန်းသီးရုပ်အနီးတွင် လောင်းလုံးမြို့နယ်ပကဖ တာဝန်ခံများဖြစ်သော နဂါးမင်းနှင့် မမကြီးတို့ ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ကဆိုသည်။

ယင်းဖမ်းဆီးမှုများနှင့် ပတ်သက်၍ လောင်းလုံးပကဖအဖွဲ့များအကြားတွင် တင်းမာမှုများ ဖြစ်နေခြင်းဖြစ်သည်။

ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် ဖမ်းဆီးရသည့်အကြောင်းရင်းကို မေးမြန်းသော်လည်း နဂါးမင်းနှင့် မမကြီးဘက်က မျက်နှာချင်းဆိုင်အတွေ့မခံသည့်အပြင် ဖမ်းဆီးရသည့်အကြောင်းအရင်းကိုလည်း ပြောဆိုခြင်းမရှိဟုဆိုသည်။

လောင်းလုံးမြို့အနီး သ‌ဗျားကျေးရွာအထိ လိုက်သွားပြီး ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သေးသော်လည်း နဂါးမင်း၊ မမကြီးဦးဆောင်သည့်အဖွဲ့က အတွေ့မခံကြောင်း ပြောဆိုသည်။

ဒီဇင်ဘာလ ၁၄ ရက်အထိ နောက်ဆုံးရထားသည့် အချက်အလက်အရ တာဝန်ရှိသူများအချင်းချင်း ညှိနှိုင်းနေကြသည်ဟုဆိုသည်။

ဒေသတွင်းတွင် ဖမ်းဆီးခံထားရသည့် တော်လှန်ရေးရဲဘော်နှစ်ဦးမှာ ပစ်သတ်ခံလိုက်ရပြီဖြစ်ကြောင်း ကောလာဟလသတင်းများထွက်ပေါ်လျက်ရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်အသေးစိတ်အား အတည်ပြုနိုင်ရန် ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းက ပြန်ကြားရေးတာဝန်ခံ စောမောင်ထူးနှင့် ဝံပုလွေတပ်စုက တာဝန်ရှိသူများကိုဆက်သွယ်မေးမြန်းခဲ့‌သော်လည်း ယင်းကိစ္စအားထုတ်ပြန်ပေးမည်ဟုသာ ပြန်လည်ဖြေဆိုသည်။

ထားဝယ်ခရိုင်(ပကဖ)တာဝန်ခံ ရဲဘော်ဇီဝကကို ဆက်သွယ်မေးမြန်းရာတွင်လည်း ပြန်လည်ဖြေဆိုခြင်းမရှိပေ။

Dawei Watch အနေဖြင့် ယခုကိစ္စတွင် ပါဝင်ပတ်သက်နေသော အခြားတာဝန်ရှိသူများကို ဆက်သွယ်ရရှိရန် ကြိုးစားနေဆဲပင်ဖြစ်သည်။

ယင်းဖြစ်စဉ်ဖြစ်ပွားနေသည့် တစ်ချိန်တည်းတွင်ပင် စစ်ကောင်စီတပ်ဖွဲ့ကလည်း လောင်းလုံးမြို့အနီးဝန်ကျင်ကျေးရွာများဖြစ်သည့် ညင်းမော်၊ စစ်ပြဲ၊ သဗျာ၊ အင်းဇောက် ကျေးရွာများထဲဝင်ရောက်ပြီး ပြည်သူ့ပိုင် ရွှေ၊ ငွေ၊ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်အမြောက်အများကို သိမ်းဆည်းယူဆောင်မှုများပြုလုပ်လျက်ရှိသည်။