လူထုမျှော်လင့်သည့် နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမည်မဟုတ်ဟု မြောက်ပိုင်းမဟာမိတ်ထုတ်ပြန်

0
587

ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမည်မဟုတ်ဘဲ ဘုံရည်မှန်းချက် ပြည့်ဝသည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။

တရုတ်အကူအညီဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့ တရုတ်နိုင်ငံတွင် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ပြီးနောက် မြောက်ပိုင်းမဟာမိတ်ဘက်က ဒီဇင်ဘာလ ၁၂ရက်ညတွင် ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ရည်မှန်းချက်အတိုင်း စစ်ကောင်စီ တပ်စခန်းများ၊ လက်နက်ကြီးစခန်းကုန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းယူနေကြောင်းလည်း ဖော်ပြသည်။

တစ်ဖွဲ့ချင်းစီနှင့် သုံးဖွဲ့စလုံး၏ စုပေါင်းရည်မှန်းချက် အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ပြီဖြစ်သော်လည်း ရည်မှန်းအားလုံး ပြီးမြောက်ရန် အချိန်ကာလတစ်ခုအထိ ဆက်လက်တိုက်ပွဲဝင်သွားဦးမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်တို့က ဆိုသည်။

လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို သိရှိပြီး အဆိုပါကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်မှု မရှိကြစေရန် ပြောကြားလိုကြောင်းလည်း ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၂ရက်အထိ ရှမ်းမြောက်နှင့် ရခိုင်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြာင်း မြောက်ပိုင်းမဟာမိတ်တို့ထံမှ သိရသည်။

၁၀၂၇ စစ်ဆင်ရေး ၄၇ ရက်တာကာလအတွင်း စစ်ကောင်စီ စခန်းပေါင်း ၂၈၀ ကျော်နှင့် မြို့ကြီးအချို့ အပါအဝင် တရုတ်-မြန်မာနယ်စပ် စီးပွားရေးဇုန်အတွင်းရှိ နယ်စပ်ကူးသန်းရောင်းဝယ်ရေးဂိတ်အချို့ကို သိမ်းယူနိုင်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်တို့ထံမှ သိရသည်။