မော်လူးမြို့ကို တော်လှန်ရေးအဖွဲ့များ သိမ်းယူ

0
567
ပုံစာ - မော်လူးရဲစခန်းကို တော်လှန်ရေးတပ်များ ယနေ့ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့စဉ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ တိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ တိုက်ခိုက်သိမ်းယူကာ မြို့ကိုထိန်းချုပ်လိုက်ကြောင်း တော်လှန်ရေးအင်အားစုအချို့က ထုတ်ပြန်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၁၃ရက် နံနက် ၂နာရီ ဝန်းကျင်တွင် အင်အား ၃၀ ဝန်းကျင်ရှိသည့် ရဲစခန်းကို စတင်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

တိုက်ခိုက်ပြီး လေးနာရီဝန်းကျင်အကြာ နံနက် ၆ နာရီဝန်းကျင်တွင် မော်လူးမြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ABSDF ထံမှ သိရသည်။

ယင်းနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသလို လေကြောင်းဖြင့် လာရောက်ပစ်ခတ်ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်သောင်းဝန်းကျင် ထွက်ပြေးနေရကြောင်း RFA မြန်မာပိုင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ခြောက်ဦးသေဆုံးပြီး ခြောက်ဦးကို ဖမ်းမိထားကြောင်း တော်လှန်ရေးတပ်များဘက် ပြောဆိုချက်ကို ကိုးကားကာ ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်းတွင် မော်လူးအပြင် ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေးမြို့တို့ကိုလည်း တော်လှန်ရေးတပ်များက သိမ်းယူထားသေးသည်။