သရက်ချောင်းမြို့နယ် ဝင်းဝရွာတံတားဟောင်းအနီး မိုင်းကွဲ၍ လူငယ်တစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

0
869

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းရှိ ဝင်းဝရွာတံတားဟောင်းအနီးတွင် မိုင်းကွဲ၍ လူငယ်အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဝင်းဝတံတားအောက်ဘက်ကို ဆိုင်ကယ်စီးလူငယ်နှစ်ဦး ဆင်းသွားပြီးနောက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိုင်းကွဲသဖြင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးမှာ ခြေနှစ်ဖက်စလုံး ပြတ်ထွက်ကာ သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်ခန့်ရှိ ယောကျ်ားကလေးတစ်ဦးမှာမူ ခြေထောက်တွင် ကျည်စထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မိုင်းပေါက်ကွဲပြီးနောက်တွင် ရောက်လာပြီး ဒဏ်ရာရသည့် လူငယ်ကို သေနတ်ဖြင့် ပစ်ခတ်၍ ယင်းလူငယ်ထွက်ပြေးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တစ်ယောက်က ဖြစ်ဖြစ်ချင်း မသေသေးဘူး၊ အောက်ပိုင်းပြတ်ထွက်သွားတယ်၊ စစ်တပ်က ဗိုလ်က အဲ့ဒီပတ်ဝန်းကျင်မှာ သူ့ကိုသိလားဆိုပြီး လိုက်မေးနေတယ်။ ပတ်ဝန်းကျင်ကလည်း မသိဘူး ဖြေကြတယ်။ လိုက်မေးရင်းမိုးချုပ်သွားတယ်၊ သူ့ကိုက အဲ့မှာပဲ ဒီအတိုင်းထားထားတာ။ ညနေ ၅ နာရီခွဲ ၆ နာရီလောက်မှာ ဆုံးသွားတယ်ထင်တယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ဖြစ်စဉ်အသေးစိတ်ကိုမူ မသိရှိရသေးပေ။

သေဆုံးသွားသည့် လူငယ်၏အလောင်းကို လာယူသူမရှိသဖြင့် စစ်တပ်က မြုပ်နှံလိုက်သည်ဟု ၎င်းက ပြောသည်။

အခင်းဖြစ်ပွားသည့်အချိန်တွင် လမ်းသွားလမ်းလာ မျက်မြင်သက်သေ လူငယ်တစ်ဦးကို စစ်တပ်က ခေါ်ယူစစ်ဆေးခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းက ပြောသည်။

ဝင်းဝတံတားသစ်နှင့် တံတားဟောင်းပတ်လည်တွင် စစ်တပ်က မိုင်းထောင်ထားပြီး ယင်းနေရာတဝိုက်တွင် အမှိုက်လာပစ်ခြင်း၊ သွားလာခြင်းများမလုပ်ရန် သတိပေးထားသည်ဟု ဒေသခံအမျိုးသားက ပြောသည်။

ထိုလူငယ်နှစ်ဦးမှာ မည်သည့်အကြောင်းကိစ္စဖြင့် တံတားဟောင်းအောက်ဘက်သို့ ဆိုင်ကယ်ဖြင့် ဆင်းသွားမှန်း မသိကြောင်း ဒေသခံအချို့က ပြောသည်။