နှစ်သစ်တွင် အခြေခံလုပ်အားခတိုးမြှင့်မည်ဟု ထိုင်းအစိုးရအတည်ပြု

0
743

လာမည့်နှစ်သစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အခြေခံလုပ်အားခကို တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ဒီဇင်ဘာ ၈ ရက်နေ့တွင် အတည်ပြုလိုက်သည်။

တိုးမြင့်လိုက်သော အခြေခံလုပ်အားခသည် ခရိုင်တစ်ခုနှင့် တစ်ခု ကွာခြားမှုရှိပြီး အနိမ့်ဆုံး ဘတ် ၃၃၀ မှ အမြင့်ဆုံး ၃၇၀ အထိရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

လက်ရှိ အခြေခံလုပ်အားခသည် ခရိုင်အလိုက် ၃၂၈ – ၃၅၄ ဘတ်အတွင်းရှိနေသဖြင့် ပျမ်းမျှ ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ခရိုင်များပေါ်မူတည်၍ ၂ ဘတ်မှ ၁၆ ဘတ်အထိ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး ခရီးသွားမြို့တော်ဖြစ်သော ဖူးခက်က အမြင့်ဆုံး တစ်ရက်လုပ်အားခ ဘတ် ၃၇၀ အထိ ရရှိမည်ဖြစ်ကြောင်း ဆိုသည်။

ထိုင်းတောင်ပိုင်းခရိုင်များဖြစ်သော နာရသီဝပ်၊ ပတ်တနီ၊ ရာလခရိုင်များတွင် လက်ရှိလုပ်အားခထက် ၂ ဘတ်တိုး၍ ဘတ် ၃၃၀ ဖြင့် အနိမ့်ဆုံး ရရှိမည်ဖြစ်သည်။

မြန်မာအလုပ်သမားအများစု လုပ်ကိုင်လျက်ရှိသော မဟာချိုင် စမွတ်စခွန်၊ ဘန်ကောက်၊ နခွန်ပထုံ၊ နွန်ထဘူရီ၊ ပထုံဌာနီ၊ စမွတ်ပရကန်ခရိုင်များတွင် လက်ရှိလုပ်အားခထက် ၁၀ ဘတ်တိုးကာ အနိမ့်ဆုံး ၃၆၃ ဘတ် ရရှိမည်ဖြစ်သည်။

ဖူးခက်သည် ခရီးသွားကျွန်းတစ်ခုဖြစ်ပြီး လူနေမှုစရိတ် မြင့်မားသည့်အတွက် ဘတ် ၃၇၀ သို့ တိုးမြှင့်သည်မှာ သင့်တော်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က ပြောသည်။

နှစ်သစ်လက်ဆောင်အဖြစ် ဘတ် ၄၀၀ သို့ တိုးမြှင့်ပေးမည်ဟု ယခင်က ဖွေထိုင်းဘက်က အဆိုပြုခဲ့သော်လည်း ငွေကြေး ဖောင်းပွမှုနှုန်းကို ကာကွယ်နိုင်ရန်အတွက် ပျမ်းမျှ ၂ ရာခိုင်နှုန်းခန့်သာ တိုးမြှင့်နိုင်ခဲ့ကြောင်း ဝန်ကြီးဌာနဘက်က ဆိုထားသည်။

နှစ်သစ်တွင် လုပ်အားခ တိုးမြှင့်ပေးမည်ဖြစ်သလို လက်ရှိတွင် ကုန်ဈေးနှုန်းကလည်း သိသိသာသာ တက်နေကြောင်း မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

“ဆန်ဈေးတွေ ဆီဈေးတွေ တက်လာနေတာ တရိပ်ရိပ်ပဲ။ လုပ်အားခတိုးတယ်ဆိုတာလည်း လုပ်ငန်းခွင်ထဲ တကယ် တိုးဖို့လို သေးတယ်လေ။ ကောင်းကောင်းရကြပါစေ” ဟု ဘန်ကောက်တွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလက အခြေခံလုပ်အားခကို ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးခဲ့သေးသည်။

ခရိုင်အလိုက် တိုးမြှင့်သတ်မှတ်သည့်လုပ်အားခနှုန်းထား

ဖူးခက် – ၃၇၀

ဘန်ကောက်၊ နွန်ထဘူရီ၊ နခွန်ပထုံ၊ ပထုန်ဌာနီ၊ စမွတ် ပရကန်၊ စမွတ်စခွန် – ၃၆၃

ချွန်ဘူရီ၊ ရယွန် – ၃၆၁

နခွန်းလာချစီမာ – ၃၅၂

စမွတ်ဆုန်ခရမ်း – ၃၅၁

အယုဒ္ဓယ၊ ဆရာဘူရီ၊ ပကျင်ဘူရီ၊ ခွန်ခမ်၊ ချာချင်ဆောင်၊ ချင်းမိုင် – ၃၅၀

လုပ်ဘူရီ – ၃၄၉

စူဖန်ဘူရီ၊ နွန်းခိုင်၊ နခွန်နယွတ် – ၃၄၈

ကရဘီ၊ တရတ် – ၃၄၇

ကန်ချနဘူရီ၊ ပကျွတ်ခီရီခန်၊ စကဲဝို၊ နခွန်ပနွန်၊ ဘူရီရမ်၊ ဖစ်စနူလို့၊ စူရတ်ဌာနီ၊ စွန်ခရာ၊ ဖန်င၊ ဥဘွန်းရတ်ချ်ဌာနီ၊ ချတ်ထဘူရီ၊ မုက်ဒါဟန်၊ စခွန်နခွန်၊ ချင်းရိုင်၊ တာခ့် – ၃၄၅

ဖစ်ချ်ဘူရီ၊ စူရင်း၊ ချွန်ဖော် – ၃၄၄

ရစိုထွန်၊ နခွန်စဝမ်၊ လမ်ဖွန် – ၃၄၃

နခွန်စီထမရတ်၊ ဘွန်ကန်၊ ရောအီ၊ ဖစ်ချ်ဘွန်၊ ကရစင် – ၃၄၂

ချိုင်းနတ်၊ ဖတ်ထလူ၊ အန်ထောင်း၊ စင်ဘူရီ၊ ချိုင်းရဖွန် – ၃၄၁

ရနောင်း၊ စထွန်း၊ နောင်းဘူလမ်ဖူ၊ မဟာစရာခမ်း၊ စရီစခက်၊ အာနတ်ကျလွန်၊ မဲ့‌‌ဟောင်ဆွန်း၊ လန်ဖန်း၊ စူခိုထိုင်း၊ ကန်ဖမ်းဖက်၊ ဖိကျစ်၊ ဥထိုင်းဌာနီ၊ ရတ်ချ်ဘူရီ၊ လိုးအီ၊ ဥတရာဒစ်၊ ဥဒွန်းဌာနီ – ၃၄၀

တရတ်၊ ဖလဲ၊ နန်း၊ ဖယောင်း – ၃၃၈

နရသီဝတ်၊ ပတ်တနီ၊ ရာလ – ၃၃၀

Ref: Bangkok Post