ဖမ်းဆီးခံထားရသည့် ဝကုန်းရွာက မိန်းကလေးငယ်နှစ်ဦး ပြန်လွတ်

0
1418

စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားခဲ့သည့် ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာက မိန်းကလေးငယ်နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဝကုန်းရွာက ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“မနေ့က သူ့မိဘတွေနဲ့ ဘုန်းကြီးနှစ်ပါး သွားထုတ်ပေးတယ်လို့ပြောတယ်။ (ဖမ်းဆီးခံထားရတဲ့) ယောက်ျား တစ်ယောက်ကတော့ စစ်ကြောင်းက ခေါ်သွားတယ်။ ပြန်လွတ်ပေးမယ်လို့ ပြောထားတယ်တဲ့” ဟု ဝကုန်းရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်မဲတောင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းမှာ အရှေ့တောနယ် ပကာရီကျေးရွာကို ဝင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဥယျာဉ်ခြံထဲတွင် တွေ့သည့် ပကာရီ၊ ပခပ်၊ ဝကုန်းရွာသူရွာသား ဒေသခံ လေးဆယ်ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

ကျောက်မဲတောင်ရဲစခန်းသို့ ရောက်ရှိချိန်တွင် နိုဝင်ဘာလ ၂၈ ရက် ညနေပိုင်းတွင် အားလုံးနီးပါးကို ပြန်လွှတ်ပေးပြီး အသက် ၃၀အရွယ် အမျိုးသားတစ်ဦးကိုမူ ဆက်လက် ဖမ်းဆီးထားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဝကုန်းရွာက အသက် ၁၄ နှစ်အရွယ်နှင့် အသက် ၁၆ နှစ်အရွယ် ကျောင်းနေအရွယ် မိန်းကလေးငယ်နှစ်ဦးကိုမူ လွှတ်ပေးပြီးမှ ကျန်ခဲ့သည့် ဖုန်းကိုလာယူရန် ခေါ်ဆောင်ပြီး ပြန်လည်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၃ ရက် နံနက် ၅ နာရီခန့်က ကျောက်မဲတောင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၇ နာရီခန့် ကြာမြင့်ခဲ့သည်။

ယင်းနောက် နိုဝင်ဘာလ ၂၅ ရက်တွင် အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် မြေသယ်ကား ၆ စီးဖြင့် ပကာရီကျေးရွာကိုရောက်ရှိလာပြီး တောလမ်းကတစ်ဆင့် ပကာရီ၊ ပခပ်၊ ဝကုန်း၊ ကျောက်မဲတောင်စခန်းကို ခြေလျင်စစ်ကြောင်းထိုးခဲ့သည်။