ရှင်မုတ္ထီးကျေးရွာက အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်

0
1150

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာမှ နေအိမ်များကို ဝင်ရှောက်ရှာဖွေစစ်ဆေးနေသည့် စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးကို ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောသည်။

“စစ်သားတွေက အိမ်တံခါးဖွင့်ပေးဖို့အပြင်ကနေ ပြောတာကို သူတို့သားမိနှစ်ယောက်က ကြောက်လန့်တကြားနဲ့ အိမ်နောက်ကနေ ထွက်ပြေးတယ်ဆိုပြောတယ်။ အဲ့မှာ စစ်သားတွေက သေနတ်နဲ့ပစ်လို့ သေသွားတယ်ဆိုပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဖြစ်စဉ်ကို ရှင်းပြသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၅၀ ကျော်အရွယ် ဒေါ်မြင့်ဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ညက ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ရှင်မုတ္ထီးကျေးရွာတွင် သေနတ်ပစ်ဖောက်ကာ အိမ်များကိုမွှေနှောက်ရှာဖွေသလို လူများကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်ဟု ဒေသခံများကပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် ကင်းရှေ့ရွာထဲမှ နေအိမ်များကိုလည်း တစ်အိမ်တက် တစ်အိမ်ဆင်း မွှေနှောက်ရှာဖွေခဲ့သည်ဟု ယင်းရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

“လူရှိတဲ့အိမ်က လူတွေကို အိမ်အောက်ဆင်းထိုင်ခိုင်းထားပြီး အိမ်ပေါ်က မွှေနှောက်ရှာဖွေတယ်၊ ပိုက်ဆံတွေလည်း ယူတယ်၊ ဖုန်းတွေလည်းပါသွားကြတယ်။ ဆိုင်ကယ်က နှစ်စီးပါသွားတယ်။ သူတို့လာတာ ဓားပြတိုက်ဖို့လာတာလိုမျိုးပဲ။ ထိုင်းကနေ မိသားစုစားဖို့ဆိုပြီး ပို့ပေးထားတဲ့ အချိုမှုန့်ပေါင်ထုတ်တွေရော၊ ဆီတွေရော လိုတာယူသွားတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

လူမရှိသည့် အိမ်တံခါးများကို သေနတ်ဒင်ဖြင့်ရိုက်ဖျက်ဝင်ပြီး အိမ်တွင်းကို မွှေနှောက်ရှာဖွေကာ မှန်ဗီဒိုများကို ရိုက်ဖျက်၊ ငွေကြေးများကို ယူဆောင်သွားသည်ကို ပုန်းအောင်းနေရာက မြင်တွေ့နေသော်လည်း ဝင်ရောက်ပြောဆိုမရဲသဖြင့် ကြည့်နေရသည်ဟု ၎င်းက ပြောသည်။

ရောင်းမော်ရွာဘက်မှ လက်နက်ကြီး ငါးလုံးခန့်ပစ်ခတ်ကာ အင်အား ၅၀ ကျော်ပါသော စစ်ကောင်စီစစ်ကြောင်းက ရောင်းမော်ရွာအထိ ကားလေးစီးဖြင့် ဝင်လာခြင်းဖြစ်ပြီး ရွာအတွင်း ပစ်ခတ်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း ညနေ ၅ နာရီခန့်တွင် ရှင်မုတ္ထီးကျေးရွာဘက်ကို ကားနှစ်စီးခန့် ပြန်ထွက်သွားကြောင်း ရှင်မုတ္ထီးကျေးရွာက ဒေသခံအချို့ကပြောသည်။

ယနေ့နံနက်တွင် ရှမ်းမတွင်းရွာ၊ ပလွေရှောင်ရွာများဘက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရောက်နေသည်ဟု သတင်းရကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာလ ၂၅ ရက်နှင့် ၂၈ ရက်ညပိုင်းက ရှင်မုတ္ထီးကျေးရွာနှင့် ညောင်ဇင်ရွာကြားမှ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရသည်ဟု စစ်ဆေးရေးဂိတ်နှင့် ကပ်နေသည့် စော်ဝရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၆ ရက် နံနက် ၅ နာရီခန့်ကလည်း ထားဝယ်မြို့အထွက်ရှိ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ကျောက်ရပ်ရွာနှင့် ရှမ်းမတွင်းရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့က ကားများဖြင့် ကင်းလှည့်နေသည်။

စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များ ပစ်ခတ်တိုက်ခိုက်ခံရသဖြင့် PDF များရှိနိုင်သည့် ကျေးရွာများကို ရှာဖွေခြင်းဖြစ်နိုင်သည်ဟု စော်ဝရွာက ဒေသခံအမျိုးသမီးက သုံးသပ်ပြောဆိုသည်။

ပျူစောထီးတပ်စွဲထားသည့် ရောင်းမော်ကျေးရွာကိုမူ မွှေနှောက်ရှာဖွေခြင်းမရှိဟု ဒေသခံအချို့က ပြောဆိုသည်။