ဘုတ်ပြင်းတွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်

0
839

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာကျေးရွာအခြေစိုက်တပ်ရင်းက ယနေ့ နံနက် ၉ နာရီခွဲမှစ၍ မွန်းလွဲအထိ မြို့ပြင်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲမဖြစ်ဘူး။ တစ်ခြမ်းတည်း ပစ်နေတာ။ ဘာကြောင့် ပစ်တာလည်းတော့ မသိဘူး” ဟု လေညာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ နံနက်က မဏ္ဍိုင်ကျေးရွာအခြေစိုက် (၅၅၉) -(၅၆၀) တပ်ရင်းက လက်နက်ကြီးများ ပစ်ခတ်နေသည့် အတွက် ပြည်သူများ ထိခိုက်မှုမရှိရေး အသွားအလာဂရုစိုက်ရန် ဘုတ်ပြင်းခြေစိုက် Flying Star Force ဘုတ်ပြင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အသိပေးချက် ထုတ်ထားသည်။

“ဒီနေ့ ထိတွေ့တိုက်ပွဲ မရှိပါဘူး။ လက်နက်ကြီးတွေနဲ့ ထုနေတာကြောင့်၊ (ပြည်ကြီးမဏ္ဍိုင်မှာ) စစ်ရေးအရ တင်းမာနေတာမို့ ပြည်သူတွေ မထိခိုက်အောင် သတိပေးထားတာပါ” ဟု Flying Star Force မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

ပြည်ကြီးမဏ္ဍိုင်ရဲစခန်းကုန်းကို အောက်တိုဘာလ ၁၄ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီ အရာရှိတစ်ဦး အပါအဝင် တပ်သားများ ဒဏ်ရာရခဲ့ကြောင်း Flying Srar Force ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကထုတ်ပြန်ထားသည်။

ယင်းသို့တိုက်ခိုက်ပြီးနောက် ပျူစောထီးအဖွဲ့ဝင် ၉ ဦး လက်နက်များအပ်ကာ နုတ်ထွက်သွားကြကြောင်း Flying Star Force ထံမှသိရသည်။

“ပျူတွေက (အောက်တိုဘာ) ၁၄ရက်နေ့က အထိအခိုက်များပြီး စကစကို လက်နက်ပြန်အပ်ပြီးဆက်မနေရဲကြလို့ ထွက်ပြေးသွားကြပါပြီ။ ဒါကြောင့် စစ်ကောင်စီက အင်အားတိုးချ လုံခြုံရေးတိုးချထားလို့ စစ်ရေးတင်းမာတဲ့ အနေအထားဖြစ်နေတာပါ” ဟု ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။

လက်ရှိယင်းနေရာတွင် စစ်ကောင်စီအင်အား တိုးမြှင့်ချထားပြီး ပြည်ကြီးမဏ္ဍိုင် မြို့အဝင်ထွက်ဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။