စစ်ကြောင်းဝင်သည့်လေးရက်အတွင်း မူးဒူးရွာသားတစ်ဦး ပစ်ခတ်ခံရပြီး နှစ်ဦးဖမ်းဆီးခေါ်ဆောင်ခံရ

0
749

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေဇုန်ဒေသရှိ မူးဒူးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့်လေးရက်အတွင်း အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး နှစ်ဦးဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် နေအိမ်တစ်ဆယ်ကျော်လည်း မီးရှို့ခံလိုက်ရကြောင်း ၎င်းတို့က ဆိုသည်။

ပစ်ခတ်ခံရသည့် အမျိုးသားမှာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ မူးဒူးရွာသား ကိုဝိုင်လူးဆိုသူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါအမျိုးသားသည် နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ထွက်ပြေးရာမှ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ကိုဝိုင်လူးသည် ဘယ်ဘက်ခြောက်ထောက် ကျည်ဆံထိမှန်ဒဏ်ရာဖြင့် ငါးရက်တိတိ မူးဒူးရွာအနီး ချောင်းနံဘေးတွင် အစာရေစာ မစားရဘဲ ပုန်းအောင်းနေခဲ့ရကြောင်း မူဒူးရွာသားတစ်ဦးက ပြောဆိုသည်။

“ကျွန်တော်တို့ မနေ့ကလည်းရှာတယ်။ သူက ကျွန်တော်တို့ ခေါ်သံကြားပေမယ့် စစ်တပ်တွေ ထင်လို့ မထူးရဲဘူးတဲ့။ ဒီနေ့ သူအမေ ကိုယ်တိုင် လိုက်ခေါ်လို့ အသံကြားမှ ပုန်းအောင်းနေရာကနေ ထွက်လာတာ။ ခြေထောက်တွေမှာ ဒဏ်ရာက ပိုးလောက်တောင်တွယ်နေပြီ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် နိုဝင်ဘာလ ၁၈ ရက်နေ့ကစပြီး မူးဒူးရွာ၏အရှေ့ဘက်မှ စတင်၍ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်။

ထို့နောက် ညနေပိုင်းတွင် မူးဒူးရွာအနီး PDF အဖွဲ့တစ်ဖွဲ့နှင့် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပြီးနောက် ယင်းကျေးရွာတွင် တပ်စွဲနေထိုင်ခဲ့ကြောင်း ဒေသခံတို့ထံမှသိရသည်။

စစ်ကောင်စီတပ်သည် မူးဒူးရွာသို့ ဝင်ရောက်လာစဉ် လမ်းတစ်လျှောက်တွင် ဖမ်းဆီးလာသည့် လောင်းလုံးဒေသခံ ရှစ်ဦးရှိပြီး မူးဒူးရွာတွင်လည်း အမျိုးသားအမျိုးသမီး ၂၀ ဦး နီးပါးကို ထပ်မံဖမ်းဆီးခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မူးဒူးရွာအနီး ဒေသခေါ် ကမြိုင်ဆွဲ အိမ်စုတွင် လူမနေသည့် နေအိမ် များတွင် လက်နက်ခဲယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြသည်။

လက်နက်ခဲယမ်းများ သိမ်းဆည်းခံရမှု မှန်ကန်ကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့ လက်လုပ်သေနတ်တွေနဲ့ ခဲယမ်းတွေ သိမ်းပြီး အိမ်တွေကိုတော့ မီးရှို့ခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်က မူးဒူးရွာ၌ နေအိမ် တစ်ဆယ်ကျော် မီးရှို့သွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်တွင် စစ်ကောင်စီတပ်သည် မူးဒူးရွာမှ တောင်ဘက် မောင်းမကန်ရွာဘက်သို့ ပြန်လည်ထွက်ခွာသွားပြီး ဖမ်းဆီးထားသည့် ဒေသခံ ၂၀ ကျော် အနက်က အားလုံးနီးပါးကို ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အသက် ၂၀ ဝန်းကျင်အရွယ်ရှိ မူးဒူးရွာသားနှစ်ဦးကိုမူ မျက်နှာ ခေါင်းစွပ်အုပ်ကာ ‌လက်နှောက်ပြန် ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ ယခုနှစ် အောက်တိုဘာလ တတိယအပတ်မှ နိုဝင်ဘာလ တတိယပတ်အထိ ရက်ပေါင်း သုံးဆယ်နီးပါးအတွင်း နှစ်ကြိမ်ဝင်ရောက်ခဲ့သည်။

ထိုနှစ်ကြိမ်တွင် ထိတွေ့မှုများရှိခဲ့ပြီး ကျေးရွာသုံးရွာမှ နေအိမ် လေးဆယ်နီးပါးအထိ မီးရှို့ခံရကာ အရပ်သား ငါးဦး နှင့် PDF တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်ကနေ ၂၈ ရက်နေ့ထိ တစ်ပတ်အတွင်း ပန်းတင်အင်းရွာနှင့် နဘုလယ်ဒေသကြား ခရီးသွားစဉ် ပျောက်ဆုံးသူမှာ လေးဦးအထိရှိပြီး သုံးဦးမှာ စစ်ကောင်စီနှင့် ဆက်နွယ်သူများဖြစ်သည်။

ထိုသူများမှာ ယနေ့အထိ မိသားစုနှင့် အဆက်အသွယ် မရကြသေးပေ။