မျက်လုံး၊ လက်ဗွေများပေးပါ၊ အစ်ကိုကြီး စောင့်ကြည့်မည်

0
2624

အာဏာသိမ်းတာ လပေါင်း ၃၀ ကျော်လာပေမယ့် စစ်ကောင်စီကတော့ ဆန့်ကျင်မှုတွေ လျော့ကျသွားစေဖို့ နည်းလမ်းမျိုးစုံသုံးပြီး ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ အဲဒီထဲက အစ်ကိုကြီးရဲ့ အကူအညီကို ခေါ်တာလည်း ပါလာပါပြီ။

အီလက်ထရွန်းနစ် မှတ်ပုံတင်စနစ် အကောင်အထည်ပေါ်လာဖို့ စစ်ကောင်စီက အားစိုက်လုပ်ဆောင်နေပါတယ်။ ဒါဟာ အာဏာရှင်စနစ် ဆန့်ကျင်သူတွေကို နည်းပညာသုံးပြီး ဖိနှိပ်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ယုံကြည်ရပါတယ်။

အီလက်ထရွန်းနစ် မှတ်ပုံတင်ထုတ်ပေးဖို့နဲ့ သန်းခေါင်စာရင်းကောက်မယ့်ကိစ္စအတွက် စစ်ကောင်စီ လဝကဝန်ကြီးဖြစ် ဦးမြင့်ကြိုင်နဲ့ အီလက်ထရွန်းနစ်မှတ်ပုံတင်ဌာန အကြီးအကဲတို့ စက်တင်ဘာလ နောက်ဆုံးအပတ်မှာ တရုတ်နိုင်ငံဆီ သွားရောက် အကူအညီတောင်းခံခဲ့တယ်လို့ စစ်ကောင်စီရဲ့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေနဲ့ Global News Light of Myanmar သတင်းစာမှာ ဖော်ပြထားပါတယ်။

မြေပြင်မှာတော့ ကိုယ်ရေး အချက်အလက်(Biographic) နဲ့ မျက်လုံး၊ လက်ဗွေ စတဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ထားတဲ့ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) တွေကို တစ်ဦးချင်းအလိုက် ကောက်ယူမှတ်တမ်းတင်နေပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ဒီလိုလုပ်‌ဆောင်မှုတွေက အာဏာရှင်ကို ဆန့်ကျင်နေတဲ့ ပြည်သူတွေကို ဖိနှိပ်ဖို့လုပ်တာလို့ ဆိုပါတယ်။

ပြည်သူတွေရဲ့ ဇီဝဆိုင်ရာအချက်အလက်တွေ စစ်ကောင်စီက လက်နက်သဖွယ်အသုံးပြုလာမှာကို သူတို့တွေက စိုးရိမ်နေကြတာပါ။

တရုတ်၊ ရုရှား၊ ဘီလာရု၊ ဂရိ စတဲ့နိုင်ငံတွေမှာ ဇီဝဆိုင်ရာအချက်အလက်တွေကိုသုံးပြီး အစိုးရဆန့်ကျင်သူတွေကို နှိပ်ကွပ်လေ့ရှိတယ်လို့ Human Rights Watch အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်း ထားဝယ်မြို့အပါအဝင် မြန်မာနိုင်ငံရဲ့ မြို့ကြီးအချို့မှာလည်း လူမျက်နှာနဲ့ မော်တော်ယာဉ်နံပါတ်တွေကို မှတ်သားနိုင်တဲ့ AI နည်းပညာသုံး ကင်မရာတွေကို တပ်ဆင်ထားပြီး ကနဦးစမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။

ဇီဝဆိုင်ရာအချက်အလက်နဲ့ AI နည်းပညာသုံး ကင်မရာ အဲဒီနှစ်ခုပေါင်းစပ်ပြီး စစ်ကောင်စီက ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ လုပ်လာနိုင်တယ်လို့ Human Rights Watch အဖွဲ့က ထောက်ပြထားပါတယ်။

တနင်္သာရီတိုင်းက အချို့မြို့တွေမှာတော့ စစ်ကောင်စီက ဆောင်ရွက်ပေးနေတဲ့ Biometric Card (ဇီဝဆိုင်ရာကတ်ပြား) ကို သွားရောက်လျှောက်ထားနေတဲ့ ပြည်သူတွေရှိနေပါပြီ။

ဇီဝဆိုင်ရာအချက်အလက် နဲ့ e-ID

ဇီဝဆိုင်ရာအချက်အလက် (Biometric data) ဆိုတာကတော့ လူတစ်ယောက်ရဲ့ မျက်လုံး၊ လက်ဗွေတွေကို မှတ်တမ်း တင်ထားတာကိုပြောတာပါ။ ကိုယ်ရေးအချက်အလက် (Biographic) ဆိုတာကတော့ နာမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ စတဲ့အချက်အလက်တွေကိုခေါ်တာပါ။

ဇီဝဆိုင်ရာအချက်အလက်နဲ့ ကိုယ်ရေး အချက်အလက်တွေကို မှတ်တမ်းတင်ပြီးရင်တော့ ဂဏန်း ၁၀ လုံးပါတဲ့ အထောက်အထား ယာယီလက်မှတ် (စာရွက်) တစ်ခုကိုထုတ်ပေးပါတယ်။ အဲဒီစာရွက်ကို ဇီဝဆိုင်ရာကတ်ပြားလို့ သုံးနှုန်းကြပါတယ်။

e-ID ဆိုတာကတော့ အီလက်ထရွန်းနစ်မှတ်ပုံတင်၊ စမတ်ကတ် (Smart Card) စသဖြင့်ခေါ်ကြပါတယ်။

နောက်ပိုင်း အီလက်ထရွန်းနစ် မှတ်ပုံတင်တွေ ထုတ်ပေးတဲ့အချိန်ကျရင် အခုထုတ်ပေးနေတဲ့ ဇီဝဆိုင်ရာ ကတ်ပြားကိုပြသပြီး ထုတ်ယူကြရမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

လတ်တလောကတော့ စစ်ကောင်စီက ဇီဝဆိုင်ရာအချက်အလက်နဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူနေတဲ့အဆင့်ပဲ ရှိပါသေးတယ်။

တနင်္သာရီတိုင်းမှာ စစ်ကောင်စီက ဇီဝဆိုင်ရာကတ်ပြားတွေကို ပြုလုပ်ပေးနေပါတယ်။ ကနဦးမှာ ဌာနဆိုင်ရာဝန်ထမ်းနဲ့ မိသားစုဝင်တွေကိုစလုပ်ပေးပါတယ်။ နောက်ပိုင်းမှာ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ကုမ္ပဏီအဖွဲ့အစည်းက ဝန်ထမ်းတွေကို ထပ်လုပ်ပေးလာပါတယ်။

နောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဇီဝဆိုင်ရာအချက်အလက်တွေကောက်ယူမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

ခရီးသွားကတ်လား

တနင်္သာရီတိုင်းထဲက အချို့မြို့တွေမှာတော့ ဇီဝဆိုင်ရာကတ်ပြားကို ခရီးသွားလက်မှတ်လို့ ပြည်သူတွေက ထင်မှတ်နေကြပါတယ်။

အကြောင်းကတော့ စစ်ဆေးရေးဂိတ်တွေမှာ အဲဒီလက်မှတ်ကို စစ်ဆေးလေ့ရှိပြီး မပါရင် ငွေညှစ်ခံရလို့ပါ။

“လောင်းလုံးမှာ‌တော့ (Biometric Card) တော်တော်စစ်တယ်။ အဓိကက ခရီးသည်တွေကိုစစ်တာ” လို့ လောင်းလုံး-ထားဝယ်ပြေးဆွဲနေတဲ့ ခရီးသည်တင်သုံးဘီးသမားတစ်ဦးက ဆိုပါတယ်။

လောင်းလုံးက ဒေသခံတချို့ ဇီဝဆိုင်ရာကတ်ပြားမရှိရင် ခရီးသွားမရမှာစိုးပြီး အဲဒီကတ်ပြားအလုအယက် လျှောက်ထားနေကြတယ်လို့ ကိုယ်တိုင်လျှောက်ဖူးတဲ့သူတစ်ဦးကဆိုပါတယ်။

လောင်းလုံးမြို့မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေဟာ ခရီးသွားပြည်သူတွေထံကနေ အကြောင်းပြချက်မျိုးစုံနဲ့ ငွေညှစ်တဲ့နာမည်ဆိုးနဲ့လူသိများပါတယ်။

စက်တင်ဘာလ ၂၁ ရက်က လောင်းလုံးအထက်တန်းကျောင်းဝင်ပေါက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီးနောက် စစ်ဆေးငွေညှစ်တာတွေ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

အီးမှတ်ပုံတင် ဘေးကင်းရဲ့လား

လူ့အခွင့်အရေးသမားတွေကတော့ စစ်ကောင်စီက အကောင်အထည်ဖော်နေတဲ့ အီလက်ထရွန်းနစ် မှတ်ပုံတင်ဟာ ပြည်သူတွေအတွက် ဘေးကင်းလုံခြုံမှုမရှိနိုင်ဘူးလို့ ထောက်ပြနေကြပါတယ်။

မြန်စစ်အစိုးရရဲ့ လူ့မျက်နှာ ဇီဝတိုင်းတာမှုလုပ်ဆောင်ချက်ဟာ လူ့အခွင့်အရေးအတွက် အန္တရာယ်ဖြစ်စေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Human Rights Watch အဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် မတ်လ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဖက်ကတော့ e – Government စနစ်ကိုဖော်ဆောင်ဖို့အတွက် အီလက်ထရွန်းနစ်မှတ်ပုံတင်စနစ်ကို အကောင်အထည်ဖော်တာလို့ ဆိုထားပါတယ်။

အီးမှတ်ပုံတင်နဲ့ လူ့ခွင့်အရေးချိုးဖောက်မှု

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အရင်ဆုံးလုပ်တာကတော့ မြန်မာပြည်က မြို့ကြီးတွေမှာ AI လို့ခေါ်တဲ့ ဉာဏ်ရည်တုစနစ်သုံး စောင့်ကြည့်ရေးကင်မရာတွေ တပ်ဆင်ခဲ့တာပါ။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တွေမှာကတော့ NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်ကတည်းက AI စနစ်သုံး စောင့်ကြည့်ရေးကင်မရာတွေ အဆင်သင့်တပ်ဆင်ထားပြီးသားပါ။ အဲဒီ AI ကင်မရာတွေဟာ လူမျက်နှာ၊ ကားနံပါတ်တွေကို မှတ်ထားနိုင်ပါတယ်။

အဲဒီအချိန်တုန်းကတော့ မှုခင်းကျဆင်းဖို့၊ လုံခြုံဘေးကင်းတဲ့မြို့တော် (Safe City) ဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည်သူ့ရံပုံငွေ ကျပ်ဘီလျံချီအကုန်အကျခံပြီး စောင့်ကြည့်ရေးကင်မရာတွေ၊ ထိန်းချုပ်ခန်းတွေ တည်ဆောက်ခဲ့တာပါ။

အာဏာသိမ်းပြီးနောက်မှာတော့ တနင်္သာရီတိုင်း ထားဝယ်မြို့အပါအဝင် ကရင်ပြည်နယ် ဘားအံမြို့၊ ချင်းပြည်နယ် မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့တို့မှာ AI နည်းပညာသုံး စောင့်ကြည့်ရေး ကင်မရာတွေတပ်ဆင်ခဲ့ပါတယ်။

တရုတ်ကုမ္ပဏီတွေဖြစ်ကြတဲ့ Zhejiang Dahua Technology၊ Huawei, Hikvision ကုမ္ပဏီတွေထံကနေ နည်းပညာနဲ့ ကင်မရာတွေဝယ်ယူပြီး တပ်ဆင်ခဲ့တာလို့ Myanmar Now သတင်းဌာနမှာရေးသားထားပါတယ်။

အထက်မှာဖော်ပြပြီးတဲ့အတိုင်း အီလက်ထရွန်းနစ်မှတ်ပုံတင်ဆိုတာဟာ လူတစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ မျက်လုံးအမှတ်အသား၊ လက်ဗွေအမှတ်အသားတွေနဲ့တည်ဆောက်ထားတာပါ။

အဲဒီစောင့်ကြည့်ရေးကင်မရာနဲ့ စစ်ကောင်စီလက်ထဲရောက်နေတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊ ဇီဝဆိုင်ရာအချက်အလက်တွေတိုက်စစ်ပြီး စစ်ကောင်စီက ပြည်သူတွေရဲ့နေ့စဉ်လူနေမှုဘဝထဲကိုဝင်ရောက် စောင့်ကြည့်ထောက်လှမ်းနိုင်လာမှာဖြစ်တယ်လို့ Human Rights Watch အဖွဲ့ကဆိုထားပါတယ်။

အဲဒီအပြင် စစ်ကောင်စီကိုဆန့်ကျင်သူတွေကိုလည်း အလွယ်တကူ ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်လာမှာဖြစ်တယ်လို့ HRW က ထောက်ပြပါတယ်။

အများပြည်သူဆိုင်ရာနေရာတွေမှာ စောင့်ကြည့်ရေးကင်မရာတွေ တပ်ဆင်တာကို ရှုံ့ချတယ်လို့လည်း HRW က ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေရဲ့ ဇီဝဆိုင်အရာအချက်အလက်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေကိုလည်း မပြဋ္ဌာန်းနိုင်သေးဘူးလို့ HRW က ထောက်ပြပါတယ်။

အဲဒီအချက်တွေကြောင့် မြန်မာနိုင်ငံမှာ ဇီဝဆိုင်ရာအချက်အလက်တွေ စစ်ကောင်စီကကောက်ယူနေတာ၊ အဲဒီကနေတစ်ဆင့် အီလက်ထရွန်းနစ်မှတ်ပုံတင်စနစ်ကိုပြောင်းတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိလာနိုင်တယ်လို့ ပြောဆိုနေကြတာပါ။

ဆန့်ကျင်သူတွေကို နည်းပညာသုံးနှိပ်ကွပ်နေတဲ့ နိုင်ငံတွေ

စောင့်ကြည့်ရေးကင်မရာတွေနဲ့ အများပြည်သူကို စောင့်ကြည့်ကြတဲ့ နိုင်ငံအများအပြားရှိပါတယ်။ HRW ရဲ့ ထုတ်ပြန်ချက်အရတော့ တရုတ်၊ ရုရှား၊ ဘီလာရု၊ ဂရိ စတဲ့နိုင်ငံတွေမှာ ဇီဝဆိုင်ရာ အချက်အလက်တွေကိုသုံးပြီး အစိုးရဆန့်ကျင်သူတွေကို နှိပ်ကွပ်လေ့ရှိတယ်လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံလည်း ပါဝင်လာပါတယ်။

ဂရိ ကင်းလှည့်ရဲတပ်ဖွဲ့မှာဆိုရင် ဇီဝဆိုင်ရာအချက်အလက်ကနေ ဘယ်သူ၊ ဘယ်ဝါဆိုတာ ချက်ချင်းစစ်ဆေးနိုင်တဲ့ မိုဘိုင်ဖုန်းလိုမျိုး စက်ကိရိယာတွေ တပ်ဆင်ပေးထားတယ်လို့ဆိုပါတယ်။ ဂရိနိင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ သူတွေကို ဖော်ထုတ်နိုင်ဖို့ အဲဒီနည်းပညာကို အသုံးပြုတာလို့ ဆိုပါတယ်။

ဘီလာရုနိုင်ငံမှာ ထင်ရှားတဲ့ အစိုးရ ဆန္ဒပြသူ Nikolai Dedok ဟာ ဇီဝဆိုင်ရာအချက်အလက်နည်းပညာနဲ့ AI စနစ်သုံး နည်းပညာတွေကတစ်ဆင့် အဖမ်းခံရတာလို့ HRW က ထုတ်ပြန်ထားပါတယ်။

ဘီလာရုနိုင်ငံ သမ္မရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြတဲ့ အမှုမှာပါဝင်တဲ့ပြည်သူတွေရဲ့အမှုပေါင်း ၂၄၀၀ ကျော်ကိုလည်း အဲဒီနည်းပညာနဲ့ ဖော်ထုတ်အမှုဖွင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်လာရုအစိုးရကတော့ နည်းပညာအသုံးပြုပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးတယ်ဆိုတဲ့အပေါ် ငြင်းဆိုထားပါတယ်။

ဇီဝအချက်အလက်ထည့်သွင်းထားတဲ့ စောင့်ကြည့်ရေးကင်မရာတပ်ဆင်ပြီး အများပြည်သူကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့နိုင်ငံကတော့ တရုတ်ပါ။

ကမ္ဘာ့အကြီးဆုံးမြို့ ၁၅၀ မှာ အများပြည်သူကိုစောင့်ကြည့်တဲ့ ကင်မရာပေါင်း သန်း ၇၇၀ ရှိတဲ့အထဲက ၅၄ ရာနှုန်းကတော့ တရုတ်နိုင်ငံမှာရှိနေပါတယ်။ ကမ္ဘာမှာ အများပြည်သူကို စောင့်ကြည့်မှုအများဆုံး နိုင်ငံဖြစ်ပါတယ်။

တရုတ်နိုင်ငံ Shanxi ပြည်နယ် Taiyuan မြို့မှာနေထိုင်တဲ့ လူဦးရေ တစ်ထောင်မှာ စောင့်ကြည့်ကင်မရာ ၁၂၀ ရှိတယ်လို့ နိုင်ငံတကာ ဇီဝမက်ထရစ်နည်းပညာအကြောင်း စောင့်ကြည့်ရေးသားနေတဲ့ BiometricUpdate ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံမှာလည်း အလားတူ စောင့်ကြည့်ရေးကင်မရာတွေတပ်ဆင်ပြီး စောင့်ကြည့်တာတွေရှိပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့က မြေအောက်ရထား အစီးရေ ၆၀၀၀ ပေါ်မှာ စောင့်ကြည့်ရေးကင်မရာတွေ တပ်ဆင်ထားတယ်လို့ BiometricUpdate ဝက်ဆိုက်မှာဖော်ပြထားပါတယ်။

အဲဒီစောင့်ကြည့်ရေးကင်မရာနေ အများပြည်သူရဲ့ သွားလာလှုပ်ရှားမှုတွေကို အချိန်ပြည့်စောင့်ကြည့်နေတာပါ။

ဒီလိုစောင့်ကြည့်ခံနေရတာဟာ လူ့အခွင့်ရေးစံချိန်စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ စောင့်ကြည့်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံမှာ ဇီဝဆိုင်ရာအချက်လက် မြစ်ဖျားခံရာ

ဇီဝဆိုင်ရာအချက်လက်အစ e-Government ကပါ။

မြန်မာနိုင်ငံမှာ e-Government စနစ်အကောင်အထည်ဖော်ဖို့ ရည်မှန်းချက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ စလုပ်ဆောင်ခဲ့ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်အကူအညီနဲ့ e – Government Master Plan ကို ၂၀၁၄ ခုနှစ်မှာ စရေးဆွဲခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ မူကြမ်းအဆင့်ပြီးစီးခဲ့ပါတယ်။

၂၀၁၆ NLD အစိုးရလက်ထက်မှာ e-Government စနစ်နဲ့ စီမံခန့်ခွဲဖို့ စတင်အကောင်အထည်ဖော်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဖုန်းဆင်းကတ်တွေကို မှတ်ပုံတင်ပြီးသုံးကြဖို့ စလုပ်ဆောင်ပါတယ်။ နောက်ပိုင်းမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက တစ်ဆင့်တက်ပြီး ဆင်းကတ်တွေကို ဇီဝဆိုင်ရာအချက်အလက် (Biometric Data) နဲ့ မှတ်ပုံတင်ခိုင်းဖို့ စီစဉ်ခဲ့ပါသေးတယ်။

မုန်ဘိုင်းဖုန်းအသုံးပြုကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို လျှော့ချဖို့နဲ့ လုံခြုံးရေးအတွက်လို့ ဝန်ကြီးဌာနက အကြောင်းပြချက်ပေးခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးသုံးမြို့မှာ AI နည်းပညာသုံး စောင့်ကြည့်ရေးကင်မရာတွေ တပ်ဆင်ခဲ့ပါတယ်။

ဒါတွေက e-Government အကောင်အထည်ဖော်ဖို့ ရှေ့ပြေးစီမံကိန်းတွေထဲက အချို့ဖြစ်ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီက e-Government အကောင်အထည်ဖော်ဖို့ နောက်ဆက်တွဲလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်လာပါတယ်။

စစ်ကောင်စီနဲ့ ဇီဝဆိုင်ရာအချက်အလက်

တရုတ်အကူအညီနဲ့ မြန်မာနိုင်ငံမှာ ဇီဝဆိုင်ရာနည်းပညာ အသုံးပြုနိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေသလို မြေပြင်မှာလည်း ဇီဝဆိုင်ရာအချက်အလက်တွေ စတင်ကောက်ယူနေပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အားကောင်းတဲ့ဒေသတွေမှာတော့ ဇီဝဆိုင်ရာအချက်အလက်တွေ မကောက်ယူ နိုင်သေးပေမယ့် အစိုးရဝန်ထမ်းနဲ့ သူတို့မိသားစုဝင်တွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ၊ ကုမ္ပဏီအဖွဲ့အစည်းက ဝန်ထမ်းတွေကိုချည်းကပ်ပြီး အချက်အလက်တွေကောက်ယူနေပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ လက်ရှိအခင်းအကျင်းအရ ဇီဝဆိုင်ရာ အချက်အလက်တွေကို စစ်ကောင်စီအနေနဲ့ အသုံးပြုလာမယ်ဆိုရင် အန္တရာယ်ရှိတယ်လို့ ထောက်ပြကြပါတယ်။

ပထမတစ်ချက်ကတော့ မြန်မာနိုင်ငံမှာ ဇီဝဆိုင်ရာအချက်အလက်ကာကွယ်ပေးရေး ဥပဒေမရှိသေးဘူးလို့ဆိုပါတယ်။ နောက်တစ်ချက်ကတော့ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ထောက်ပြပါတယ်။

ပြည်သူတွေရဲ့ဇီဝဆိုင်ရာအချက်အလက်တွေကို အသုံးပြုမယ်ဆိုရင် ဥပဒေနဲ့ ကာကွယ်ပေးထားဖို့လိုသလို ပွင့်လင်းမြင်သာမှု ရှိဖို့လည်းအရေးကြီးတယ်လို့ Human Rights Watch က ထောက်ပြထားပါတယ်။

နည်းမျိုးစုံနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီဟာ အစ်ကိုကြီးရဲ့ အကူအညီကို ခေါ်တာလည်း ပါလာပါပြီ။ အစ်ကိုကြီးဆိုတာ ဂျော့အိုဝဲရဲ့ နာမည်ကျော် ၁၉၈၄ ဝတ္ထုထဲမှာ ဖော်ညွှန်းတဲ့ နည်းပညာသုံး စောင့်ကြည့်ရေး စနစ်ပါ။ Big Brother is watching you (အစ်ကိုကြီးက မင်းတို့ကို စောင့်ကြည့်နေတယ်နော်) ဆိုပြီး လူတွေကို နည်းပညာသုံး ခြိမ်းခြောက်စောင့်ကြည့်ထိန်းချုပ်တာကို ဆိုလိုတာပါ။ အခုတော့ လူထုဆီက မျက်လုံးတွေ လက်ဗွေတောင်းနေပါပြီ။ အစ်ကိုကြီးကို စောင့်ကြည့်ခိုင်းပါတော့မယ်။