ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမားများသည် ရက် ၂၀ ကြာသည်အထိ အလုပ်ရခြင်းမရှိသဖြင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မြန်မာအလုပ်သမားများနှင့် WAG အဖွဲ့ထံမှ သိရသည်။
မြန်မာအလုပ်သမား ၄၄ ဦးသည် ထိုင်းနိုင်ငံ ဖိချဘွန်မြို့ KTK Engineering ကုမ္ပဏီတွင် လုပ်ကိုင်ရန် မြန်မာအေဂျင်စီ Zin Tun Win 999 မှတစ်ဆင့် ၂ နှစ်စာချုပ်ချုပ်၍ ဝင်ရောက်လာခဲ့သူများဖြစ်ကြောင်း သိရသည်။
သို့သော် စာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ ချင်းမိုင်ခရိုင် ဖယ်မြို့ရှိ AKC Construction သို့ စက်တင်ဘာလ ၅ ရက်နေ့တွင် ရောက်ရှိလာခဲ့ကြကြောင်း အလုပ်သမားများထံမှ သိရသည်။
ယင်းနောက် စက်တင်ဘာလ ၂၅ ရက်နေ့အထိ တစ်ရက်သာ အလုပ်တင်းခဲ့ရပြီး ကျန်ရက်များတွင် အလုပ်ဆင်းခဲ့ရခြင်းမရှိသဖြင့် အစားအသောက်နှင့် နေထိုင်ရေး ခက်ခဲလာနေခဲ့ကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့အဆောင်တွေကလည်း မိုးမလုံဘူး။ စားဝတ်နေရေးကလည်း အလုပ်က မလုပ်ရဘူးဆိုတော့ မရှိဘူးဖြစ်နေတယ်။ ကျွန်တော်တို့ ရွာကပါလာတဲ့ဟာလေးတွေနဲ့ ခြစ်ချုပ်ပြီးတော့ စားနေရတယ်။ အခုနောက်ပိုင်းက ရွာကပါလာတဲ့ ပိုက်ဆံတွေက ကုန်လုနီး ဖြစ်နေပြီ” ဟု အလုပ်သမားတစ်ဦးက ဆိုသည်။
အစားအသောက်အခက်အခဲသာမက နေရာထိုင်ခင်းမှာလည်း မိုးမလုံသဖြင့် အခန်းကို ကိုယ်တိုင်ပြန်လည်ပြင်ဆင်၍ နေထိုင်နေခဲ့ရကြောင်း ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် အလုပ်အကိုင် ပုံမှန်ဆင်းရရန်၊ လုပ်အားခ ပုံမှန်ရရှိရန်၊ အေဂျင်စီဘက်က တာဝန်ယူမှုအပြည့်အဝရှိရန်အတွက် တောင်းဆိုလိုကြောင်း ၎င်းကဆိုသည်။
အလုပ်သမားများ၏ အခက်အခဲများနှင့် ပတ်သက်၍ အေဂျင်စီဘက်သို့ ဆက်သွယ်အကူအညီ တောင်းခံခဲ့သော်လည်း ပြန်လည်ဖြေကြားပေးခဲ့ခြင်းမရှိသဖြင့် အလုပ်သမားအဖွဲ့အစည်း WAG အဖွဲ့သို့ ကူညီတောင်းခံခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပက်သက်၍ Zin Tun Win 999 အေဂျင်စီသို့ Dawei Watch ကဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာအလုပ်သမားများ အခက်အခဲဖြစ်နေသည်ကို မသိခဲ့ကြောင်း ဖြေကြားခဲ့ပြီး ယနေ့တွင် သံရုံးနှင့် ချိတ်ဆက်၍ ကူညီဖြေရှင်းပေးရန် ကြိုးစားနေကြောင်း တာဝန်ရှိသူတစ်ဦး ဖြေကြားခဲ့သည်။
“ကျွန်တော်တို့က မသိလို့ပါ။ သိလို့ရှိရင် အလုပ်သမားဥပဒေအတိုင်း သူဌေးဘက်က မှားရင် သူဌေးကို ကျွန်တော်တို့က အရေးယူမှာ” ဟု ၎င်းက ဖြေကြားခဲ့သည်။
မနက်ဖြန်တွင် ဖစ်စနူလို့မြို့ရှိ အလုပ်သမားဝန်ကြီးဌာနသို့ သွားပြီး အလုပ်သမားဥပဒေအရ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်သွားမည်ဟု ၎င်းကဆိုသည်။
အလုပ်သမားများကို စာချုပ်ပါလုပ်ငန်းအတိုင်း မပို့ဆောင်ပေးသည့်ကိစ္စနှင့်ပက်သက်၍ မေးမြန်းရာတွင် ကုမ္ပဏီ၏ လက်ခွဲကန်ထရိုက်သို့ ပို့ထားခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။
မနက်ဖြန်တွင် အလုပ်ရှင်ကို အလုပ်သမားဝန်ကြီးဌာနသို့ ခေါ်၍ မြန်မာအလုပ်သမားများကို အလုပ်ဆက်ခန့်နိုင်ခြင်းရှိမရှိ မေးမြန်း၍ လုပ်အားခ၏ ၇၅ ရာခိုင်နှုန်း ပြန်လည်တောင်းခံသွားမည်ဖြစ်ပြီး ဆက်မခန့်နိုင်တော့ပါက အလုပ်ထွက်စာ (ကျန့်အော်) တောင်းခံ၍ တခြားလုပ်ငန်းခွင်သို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။