ရေးတွင် နှစ်ကရင်ရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံး

0
2263

မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာတွင် ယနေ့ ဇွန်လ ၈ရက် နံနက်ပိုင်းက လက်နက်ကြီးဖြင့်ပစ်ခတ်ခံရပြီး အသက် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ နေအိမ်နှစ်လုံးလည်း ပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

နံနက် ၉နာရီခန့်က လက်နက်ကိုင်လူတစ်စုက သေနတ်ပစ်ဖောက်ပြီး နှစ်ကရင်ကျေးရွာအတွင်း ဝင်ရောက် လာချိန်တွင် နှစ်ကရင်ကျေးရွာအနီးရှိ ဝယ်ဖယ်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

လက်နက်ကြီးကျည်သည် နှစ်ကရင်ကျေးရွာ ရပ်ကွက် (၅) ရှိ တရုတ်သင်္ချိုင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းအနီးတွင် နေထိုင်သည့် အသက် ၂၅နှစ်အရွယ် ရွှေ့ပြောင်းအလုပ်သမား မတင်ကြီးဆိုသူ ကျည်စထိမှန် ဒဏ်ရာရကြောင်း ရွာခံတစ်ဦးက ဆိုသည်။

“လက်နက်ကြီးကျည် ထိမှန်တဲ့ အမျိုးသမီးက ဆေးရုံပို့တဲ့အချိန်မှာ သေဆုံးသွားပါတယ်” ဟု ၎င်းက ပြောဆိုသည်။

နှစ်ကရင်ကျေးရွာတစ်ဝိုက်တွင် ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းကတည်းက လက်နက်ကိုင်လူတစ်စုတို့က ရောက်ရှိနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခေါ်ဆောင်သွားကာ နေ့လယ်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက နှစ်ကရင်ကျေးရွာ ရဲစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ မနေကြတော့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေပြီး နှစ်ဖက်ပဋိပက္ခအကြား အရပ်သား ထိခိုက်သေဆုံးမှုလည်း မကြာခဏ ရှိနေသည်။