သရက်နှစ်ခွရွာတွင် ‌ကျောင်းပိတ်ရန် လက်နက်ကိုင်အဖွဲ့တစ်ခုက သတိပေး၊ စစ်ကောင်စီက ဆက်ဖွင့်ရန် ဖိအားပေး

0
2268

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် ကျောင်းဆက်လက် မဖွင့်ရန် လက်နက်ကိုင်အဖွဲ့တစ်ခုက သတိပေးပြောဆိုထားသလို စစ်ကောင်စီကမူ ကျောင်းဆက်ဖွင့်ထားရန် ဖိအားပေးခိုင်းစေနေကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်က သရက်နှစ်ခွရွာ အထက်တန်းကျောင်းခွဲသို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင် ၁ဝခန့် ဝင်ရောက်လာပြီး ဆရာမများနှင့် ကျောင်းသားမိဘများကို ခေါ်ယူကာ ကျောင်းဆက်လက် မဖွင့်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံအချို့နှင့် ဆရာမအချို့က ဆိုသည်။

“ကျောင်းမဖွင့်ဖို့ပြောတယ်။ အခုတော့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါစေ။ နောက်ထပ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုပြီးပြောတယ်။ တို့တွေအားလုံးကို မှတ်တမ်းယူဆောင်သွားပြီလေ။ ဆရာမတွေ အားလုံးက သွားမရဲတော့ဘူးလို့ပြောတယ်။ ကိုယ့်အသက်ထက် အရေးမကြီးဘူးလေ” ဟု သရက်နှစ်ခွရွာကျောင်းက ဆရာမတစ်ဦးက ပြောသည်။

ယင်းသို့ ပြောဆိုပြီးနောက် ဆရာများက ကျောင်းဆက်မဖွင့်ရဲတော့သလို မိဘများလည်း ကျောင်းသား၊ ကျောင်းသူများကို အိမ်သို့ ပြန်ခေါ်သွားကြကြောင်း သရက်နှစ်ခွရွာသားတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၇ ရက်တွင်မူ စစ်ကောင်စီဘက်က ကျောင်းပြန်ဖွင့်လှစ်ရန် အစည်းအဝေးခေါ်ကြောင်း ဆရာမအချို့နှင့် ဒေသခံအချို့ထံမှ သိရသည်။

မြို့နယ်ထွေအုပ်ရုံးက တာဝန်ရှိသူများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ တိုင်း၊ မြို့နယ် ပညာရေးမှူးရုံးက တာဝန်ရှိသူများက ဆရာမများ၊ ကျောင်းသားမိဘများ၊ အိမ်ထောင်ဦးစီးများကို ကျေးရွာစာသင်ကျောင်းသို့ အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

တစ်အိမ်လျှင် တစ်ဦးနှုန်း အစည်းအဝေးတက်ရန် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်ဦးစီး အမျိုးသားမရှိသည့် နေအိမ်များတွင်ဆိုလျှင် အမျိုးသမီးများကို အစည်းအဝေး တက်ခိုင်းကြောင်း သရက်နှစ်ခွဒေသခံတစ်ဦးက ပြောဆိုသည်။

“ကျောင်းဖွင့်ဖို့အတွက်ပေါ့နော်။ ကျောင်းသားတွေ အရမ်းနစ်နာနေပြီ။ ကျောင်းတွေကို လာမလုပ်ဘဲနဲ့ သူတို့ကို လာလုပ်ပါလားဆိုပြီးတော့ ပြောတယ်။ သူတို့အနေနဲ့ လုံခြုံရေးလာယူပေးရင်လည်း မရဘူးပေါ့နော်။ ပိုပြီး ဆိုးသွား မယ်ပေါ့” ဟု စစ်ကောင်စီက ပြောဆိုမှုကို ဒေသခံတစ်ဦးက ပြန်ပြောပြသည်။

စာသင်ကျောင်းကို ပိတ်ရန် ဖိအားပေးခြင်းမျိုး မလုပ်ဆောင်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ပြောရန် ရွာသားများကို ပြောဆိုခိုင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ကျောင်းကို ဇွန်လ ၁၅ ရက် နောက်ဆုံးထား ပြန်လည်ဖွင့်လှစ်ရန်လည်း ဖိအားပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းသို့ ပြန်လည်ဖွင့်လှစ်ရန် ပြောဆိုခဲ့သော်လည်း ဆရာမများနှင့် ကျောင်းသားမိဘများကမူ ကျောင်းပြန်မတက်ရဲတော့ဘဲ ဖြစ်နေကြောင်း သရက်နှစ်ခွရွာ ဒေသခံတို့က ပြောသည်။

သရက်နှစ်ခွရွာမှာ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းဘေးတွင်တည်ရှိသည်။

အထက်တန်းကျောင်းခွဲမှာ ယင်းလမ်းပေါ်ရှိ ဥတ္တူတံတားတွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့်နေရာနှင့် ဓာတ်မီးတိုင် ၁၀ ခန့်အကွာအဝေးတွင် တည်ရှိသည်။

အဆိုပါကျောင်းတွင် စစ်အာဏာမသိမ်းခင်က ကျောင်းသူ ကျောင်းသား ၃၅၀ ကျော်ရှိပြီး အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့်နှစ်က ကျောင်းသား ၆၀ ခန့်သာရှိသည်ဟု ကျောင်းတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယခုစာသင်နှစ်တွင် ကျောင်းသူ၊ ကျောင်းသား ၁၃၀ ကျော်ရှိလာကြောင်း ၎င်းက ဆိုသည်။

ယင်း‌ကျောင်းတွင် သရက်နှစ်ခွကျေးရွာက ကျောင်းသူ ကျောင်းသားများအပြင် ဥတ္တူကျေးရွာ၊ သင်းကျွန်း၊ ရန်တောင်ကျေးရွာမှ ကျောင်းသူ၊ ကျောင်းသားအချို့လည်း လာတက်ကြကြောင်း ဒေသခံများထံမှ သိရသည်။