ပဲ့ဒိုင်ရွာ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဝင်ရောက်မီးရှို့

0
2212

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပဲ့ဒိုင်ကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးကြီးလှ၏ နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၇ ရက် နံနက် ၇ နာရီခွဲဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စက်လှေသုံးစီးဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဝင်ရောက်စီးနင်းရာတွင် ပျူစောထီးများက ဘုရားတောင်ပေါ် ကတုတ်ကျင်းမှ ပြန်လည်ပစ်ခတ်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“(PDF) သူတို့လာချိန် ပြည်သူ့စစ်ခေါင်းဆောင် ဦးကြီးလှက မြိတ်ရောက်နေတယ်။ သူ့အိမ်ကို ရှို့တာ နံဘေးအိမ်ပါ မီးနည်းနည်းကူးသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ပျူစောထီးတပ်ဖွဲ့ဝင်များ၏ နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းသို့ လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာတာဝန်ခံနှင့် ကျောင်းအုပ်ဆရာကြီးတို့ မြိတ်မြို့သို့ တိမ်းရှောင်သွားကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက် မရှိဟုကြားသိရကြောင်း ဒေသခံအချို့က ဆိုသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်များက ပဲ့ဒိုင်ကျေးရွာထဲ ဝင်ရောက်စီးနင်းခဲ့ကာ ပျူစောထီးများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။

ယင်းပစ်ခတ်မှုအတွင်း ပျူစောထီးဒုခေါင်းဆောင်နှင့် ကျေးရွာတာဝန်ခံတို့ သေဆုံးခဲ့သည်။

အဆိုပါကျေးရွာသည် ကျွန်းစုမြို့နယ်အတွင်း ပျူစောထီးအားကောင်းသည့် ကျေးရွာဖြစ်ပြီး အများစုမှာ ရေလုပ်ငန်း လုပ်ကိုင်ကြသည်။