ထိုင်းနိုင်ငံသား အမျိုးသမီး ၁၄၀ ဦးသည် ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်တွင် လိင်အလုပ်သမများအဖြစ် လူကုန်ကူးခံရကြောင်း ထိုင်းသတင်းဌာန၏ ဖော်ပြချက်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းကောင်စစ်ဝန်ရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။
လိင်လုပ်သားများအဖြင့် လူကုန်ကူးခံရသော ထိုင်းအမျိုးသမီး ၁၄၀ ဦးကို ကယ်တင်နိုင်ရန် လုပ်ဆောင်နေကြောင်း Paveena Foundation for Children and Women က ထုတ်ဖော်ပြောကြားထားသည်။
ယင်းဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံအတွင်းရှိ အမျိုးသမီးများနှင့် ကလေးငယ်များ လူကုန်ကူးခံရမှု၊ အဓမ္မပြုကျင့် ခံရမှုများကို ကူညီဆောင်ရွက်ပေးနေသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
အမျိုးသမီးများသည် လိင်လုပ်သမအဖြစ် လုပ်ကိုင်ရန် အတင်းအကျပ်စေခိုင်းခံရပြီး မူးယစ်ဆေးများ သုံးစွဲရန်လည်း အတင်းအကျပ် စေခိုင်းခံနေကြရကြောင်း ထိုင်းသတင်းဌာန The Thaiger တွင် ဖော်ပြသည်။
ထိုင်းအမျိုးသမီးများသည် လစာမက်လုံးဖြင့် ဖြားယောင်းသွေးဆောင်ခံရပြီး လက်တွေ့လုပ်ကိုင်ရသည့်အချိန်တွင် သဘောတူထားသည့် အလုပ်နှင့် လုံးဝကွဲပြားခြားနားနေကြောင်း ဆိုသည်။
ရှမ်းပြည်နယ်တွင် လုပ်ကိုင်နေသော ထိုင်းလူမျိုးများက လူကုန်ကူးခံထားရသော ထိုင်းအမျိုးသမီးများကို အမြန်ဆုံး ကယ်တင်နိုင်ရန် ဖောင်ဒေရှင်းနှင့် ထိုင်းအာဏာပိုင်များကို တောင်းဆိုထားကြောင်း သတင်းတွင် ရေးသားထားသည်။
၎င်းတို့ကို Paveena Foundation က ကယ်တင်ဖို့ ကြိုးစားနေသလို ထိုင်းကောင်စစ်ဝန်ရုံး ညွှန်ကြားရေးမှူးကလည်း ကယ်တင်ရန် ကြိုးပမ်းနေကြောင်း ဇွန်လ ၆ ရက်နေ့က ပြောဆိုထားသည်။

၎င်းတို့ကို ကယ်တင်ပေးရန်နှင့် အကူအညီပေးရန် အရေးပေါ်လိုအပ်နေပြီး မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ညွှန်ကြားရေးမှူးက ပြောသည်။
လိင်အလုပ်သမအဖြစ် လူကုန်ကူးခံရသူများတွင် ပါဝင်နေသော ဇနီးဖြစ်သူကို ကယ်တင်ပေးရန် ခင်ပွန်းဖြစ်သူက ထိုင်းသတင်းမီဒီယာများမှတစ်ဆင့် မေလ ၄ ရက်နေ့က အကူညီတောင်းခံထားခဲ့သည်။
ဇနီးသည်သည် ထိုင်းနိုင်ငံတွင် ပါတီပွဲများ၌ ဖျော်ဖြေရေးသမားအဖြစ် ကနဦးလုပ်ကိုင်ခဲ့ပြီး သူငယ်ချင်းဖြစ်သူမှ တစ်ဆင့် မြန်မာနိုင်ငံရှိ တရုတ်စားသောက်ဆိုင်တွင် လစာကောင်းကောင်းဖြင့် ကမ်းလှမ်းခံခဲ့ရကြောင်း ပြောဆိုထားသည်။
ဇနီးသည်နှင့်အတူ သူငယ်ချင်းသုံးဦးတို့သည် အဆိုပါအလုပ်ကို လက်ခံခဲ့ပြီး ၎င်းတို့လေးဦး၏ ခရီးစရိတ်အနေဖြင့် တရုတ်လုပ်ငန်းရှင်က ဘတ်ငွေ ကိုးသိန်း ထောက်ပံ့ခဲ့ကြောင်း ခင်ပွန်းသည်က မီဒီယာတွင် ပြောဆိုထားသည်။
သို့သော်လည်း လုပ်ငန်းခွင်ရောက်သောအခါ နိုင်ငံကူးလက်မှတ်များသိမ်းဆည်းခံရကာ လိင်ကျွန်ပြုခံရကြောင်း ရေးသားထားသည်။
အိမ်ပြန်ချင်လိုပါက လျော်ကြေးအဖြစ် တစ်ဦးလျှင် ဘတ် ၁၉၀၀၀၀ စီ ပြန်ပေးရမည်ဖြစ်ပြီး မပေးနိုင်လျှင် ခရီးစရိတ်အကြွေးအတွက် အနည်းဆုံး ၆လကြာအောင် အလုပ်လုပ်ရမည်ဟု တရုတ်အလုပ်ရှင်က ပြောဆိုသည်ဟု ဇနီးဖြစ်သူနှင့် အဆက်အသွယ်ရချိန်က ပြောဆိုချက်ကို ၎င်းက ပြန်ပြောင်း ပြောပြသည်။
လက်ရှိအချိန်တွင် Paveena Foundation နှင့် ထိုင်းကောင်စီဝင်ရုံးက တာဝန်ရှိသူတို့သည် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းကာ ထိုင်းအမျိုးသမီးများကို ကယ်တင်ကာ နေရပ်ပြန်လည်ပို့ဆောင်နိုင်ရေး လုပ်ဆောင်နေကြာင်း The Thaiger တွင် သတင်းတွင် ဖော်ပြသည်။
လူကုန်ကူးခံရမှုများကို တိုက်ဖျက်နိုင်ရန် နှစ်နိုင်ငံအစည်းအဝေးများပြုလုပ်၍ ညှိနှိုင်းအဖြေရှာကြမည်ဖြစ်ကြောင်းလည်းဆိုသည်။
ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် ကာစီနိုနှင့် ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်နေသော ရွှေကုက္ကိုလ်မြို့သစ်များကို ပေးပို့နေသည့် လျှပ်စစ်မီးကို ထိုင်းနိုင်ငံက ဇွန် ၅ ရက်နေ့တွင် စတင်ဖြတ်တောက်ခဲ့သည်။