မြဝတီ-မဲဆောက်တံတားမှ မြန်မာလုပ်သားများ ဖြတ်သန်းခွင့်ပြန်ရ၊ အလည်သွားသူများ သွားခွင့်မရသေး

0
1794

ထိုင်းနှင့် မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားပေါ်မှ မြန်မာအလုပ်သမားများကို ဖြတ်သန်းသွားလာခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ပြီး အလည်ပတ်သွားလာသူများကိုမူ ခွင့်မပြုသေးကြောင်း အလုပ်သမားများနှင့် သံအရာရှိရုံးထံမှ သိရသည်။

တံတားကို မြန်မာဘက်က ကြိုတင်ကြေညာခြင်းမရှိဘဲ ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ ရုတ်တရက် ဖြတ်သန်းခွင့်ပိတ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ် PV (အလည်ပတ်) ၊ PJ (အလုပ်အကိုင်) အမျိုးအစားများနှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကိုင်ဆောင်ထားသော မြန်မာအလုပ်သမာများကို ဖြတ်သန်းခွင့် မရဘဲ စောင့်ဆိုင်းခဲ့ကြရသည်။

ယာယီပိတ်ပြီး နှစ်ရက်အကြာ ယနေ့ ဇွန်လ ၇ ရက် နံနက်ပိုင်းပိုင်းမှစ၍ PJ နှင့် CI ကိုင်ဆောင်ထားသည့် မြန်မာ အလုပ်သမားများကို ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ကြောင်း မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရသည်။

“ပြန်ဖွင့်သွားပါပြီ။ သွားလို့ရပါပြီ။ PJ တို့ CI တို့ အကုန်ဖြတ်သန်းလို့ရပါပြီ။ တုံးပြန်ထုပေးနေပါပြီနော်” ဟု သံအရာရှိက Dawei Watch သို့ ဖြေကြားသည်။

သို့သော်လည်း အလည်ပတ် ဝင်ရောက်လာမည့် PV ကိုင်ဆောင်ထားသူများကိုမူ ဖြတ်သန်းခွင့်ပိတ်ထားဆဲဖြစ်ပြီး အကြောင်းအရင်းကို မေးမြန်းစုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

မဲဆောက်ရှိ ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်နေသော Aung Family မှ တာဝန်ရှိသူတစ်ဦးကလည်း “ဒီနေ့တံတားဖွင့်တာက အလုပ်သမားတွေကိုတော့ ဖွင့်ပေးတယ်။ ၇ ရက် လက်မှတ်တွေ ဖွင့်ပေးတယ်။ အလည်ဗီဇာ Tourist Visa သမားတွေကိုတော့ ပေးမဝင်ဘူး” ဟု ပြောဆိုသည်။

မြန်မာဘက်က ကြိုတင်ကြေညာထားခြင်းမရှိဘဲ အလုပ်သမားများအား တံတားပေါ်က ဖြတ်သန်းသွားခွင့် ယာယီပိတ်သဖြင့် ပြည်တွင်းဝင်မည်သူများနှင့် ထိုင်းနိုင်ငံသွားရောက်မည့် မြန်မာအလုပ်သမားများ အခက်ခဲများ ကြုံတွေ့ခဲ့ရကြောင်း အလုပ်သမားများက ပြောသည်။

အလုပ်သမားများ တံတားပေါ်မှ ဖြတ်သန်းသွားလာခွင့် ရုတ်တရက် ပိတ်လိုက်သည့်အကြောင်းအရင်းကိုမူ သေချာမသိရသေးကြောင်း မြန်မာအလုပ်သမားသံအရာရှိက ဆိုသည်။