မြိတ်-ကျွန်းစုမြစ်ကူးတံတား ယခုနှစ်ကုန်တွင် ပြီးစီးမည်ဟုဆို

0
1750

ပေ ၁၈၀၀ အရှည်ရှိသော မြိတ်-ကျွန်းစုမြစ်ကူးတံတား ယခုနှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း တံတားစီမံကိန်းနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

မြိတ်မြို့နယ် မင်းသန်းရွာနှင့် ကျွန်းစုမြို့နယ် မောင်းလှော်ရွာတို့အား ဆက်သွယ်ထားသည့် မင်းသန်း-မောင်းလှော် မြစ်ကူးတံတားဖြစ်သည်။

ယင်းတံတားကို NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က ကျပ်သန်းပေါင်း ၁၆၀၀ သုံးစွဲကာ တံတားဦးစီးဌာနက စတင်အကောင်အထည်ဖော်သည့် တနင်္သာရီမြစ်ကူး တံတားတစ်စင်းလည်းဖြစ်သည်။

“ဒီနှစ်နောက်ဆုံးလမှာ အပြီးသတ်ပါမယ်” ဟု တံတားစီမံကိန်းနှင့် နီးစပ်သူတစ်‌ဦးက ပြောသည်။

လက်ရှိတွင် တံတားမှာ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြစ်အတွင်း တံတားအောက်မှ လှေများဖြစ်သန်းသွားလာနိုင်မည်ဖြစ်ပြီး တံတား အလည်ရှိ ရေလည်တိုင်တစ်ခွင်နှင့် လက်ရမ်းတန်း၊ လူသွားလမ်းတို့ လုပ်ရန် ကျန်ရှိနေသေးကြောင်း ၎င်းက ပြောဆိုသည်။

မြစ်ကူးတံတားပြီးစီးပါက မြိတ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာတို့အကြား ကုန်စည်စီးဆင်းမှု မြန်ဆန်လာမည် ဖြစ်ပြီး အရေးပေါ်လူနာများအတွက် မြိတ်မြို့ရှိ ဆေးရုံကြီးသို့ အချိန်မီတင်ပို့နိုင်မည်ဖြစ်ကြောင်း ကျေးရွာနေ ဒေသခံများက ပြောသည်။

“တံတားပြီးရင် ကားသွားလို့ရပြီ။ ကားနဲ့ဆို ကုန်ရောင်းကုန်ဝယ်တွေ နေ့ချင်းရောက်မယ်။ အရေးပေါ်လူနာဆိုလည်း ချက်ချင်းတင်ပို့ရတာပေါ့။ လှေနဲ့တင်ပို့တာနဲ့စာရင် အချိန်ကုန်သက်သာမယ်။ လူနာရဲ့ အသက်အန္တရာယ်လည်း မစိုးရိမ်ရတော့ဘူးပေါ့” ဟု ကျွန်းစုမြို့နယ်အတွင်းရှိ အညှင်းရွာနေသူတစ်‌ဦးက ဆိုသည်။

လက်ရှိတွင် မင်းသန်းမှ မောင်းလှော်သို့ ကူးတို့ (ဇက်) ဖြင့် သွားလာနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ မင်းသန်းရွာသည် မြိတ်မြို့မှ မိုင် ၂၀ ကျော်အကွာတွင် တည်ရှိသည်။

အဆိုပါမြစ်သည် မိုးတွင်းကာလတွင် ရေစီးကြမ်းသဖြင့် စက်လှေအချို့တိမ်းမှောက်ခဲ့ကာ လူသေပျောက်မှု ဖြစ်ပွားခဲ့ဖူးကြောင်း မောင်းလှော်ရွာသားအချို့ထံမှ သိရသည်။

မြစ်ကူးတံတားတည်ဆောက်ပြီးပါက မြိတ်မြို့မှ ကျွန်းစုမြို့နယ်အတွင်းရှိ မောင်းလှော်၊ ညောင်ဘီး၊ ပဲယာ၊ အညှင်းနှင့် အညှင်းရွာတဖက်ကမ်းရှိ ကျွဲခရံ၊ သဇင်၊ ဘုရားထွက်၊ ယမုံ၊ ပဲ့တိုင်ကျေးရွာတို့အထိ နေ့ချင်းပြန်သွားလာနိုင်မည် ဖြစ်ကြောင်း ယင်းရွာနေသူတို့မှ သိရသည်။