လောင်းလုံး ကျေးရွာအချို့တွင် ညဖက်ကင်းလှည့်၊ ကင်းပုန်းဝပ်မှုများကြောင့် ဒေသခံများစိုးရိမ်မှုမြင့်တက်

0
1911

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဇွန်လ ၁ ရက်ကစပြီး စစ်ကောင်စီတပ်က ညဖက်ကင်းလှည့်ခြင်း ကင်းပုန်း ဝပ်ခြင်းများ နေ့စဉ်ဆက်တိုက်လုပ်ဆောင်လာသောကြောင့် ဒေသခံများကြား စိုးရိမ်မှုမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြစ်ကမ်းဘေးတွင်ရှိသည့် သာယာကုန်း၊ သဲပုံ၊ အင်းဝန်း၊ ကမြောကြီး ကျေးရွာတို့တွင် ယင်းသို့ လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

မေလ ၃၁ ရက်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း စစ်ကောင်စီ ဝန်ကြီးများအိမ်ရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အထက်ပါရွာများတွင် ကင်းလှည့်ခြင်း၊ ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်လာကြောင်း ဒေသခံတို့က ဆိုသည်။

“သူတို့ ကညဖက်ဆို မြေတင်ကားတွေနဲ့လာတယ်။ အရင်က ကိုယ်ရွာနဲ့ကိုယ်ဆိုတော့ ညဖက်အပြင်ထွက်ရင် ထွက်လို့ရသေးတယ်။ အခုက ထွက်လို့မရဲတော့ဘူး။ သူတို့က ရွာထဲမှာတော့ ဖမ်းတာဆီးတာမျိုးမလုပ်ဘူး။ တစ်ခါတလေ သေနတ်ပစ်ဖောက်တာမျိုးတွေတော့ ရှိတယ်” ဟု သဲပုံရွာသားတစ်ဦးက ပြောသည်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်များနှင့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်သလို ကင်းလှည့်လာသည့် စစ်ကြောင်းနှင့် လမ်းတွင်တွေ့မိပါက PDF ဟု စွပ်စွဲဖမ်းဆီး ပစ်ခတ်ခံရနိုင်သည့်အတွက် စိုးရိမ်မှုရှိနေကြကြောင်း ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောဆိုသည်။

“ကျွန်တော်ဆို အခုတစ်ယောက်တည်း ခြံထဲမဝင်ရဲတော့ဘူး။ မိဘဖြစ်ဖြစ်၊ လူကြီးတစ်ယောက်ယောက်ကို အမြဲတမ်း ခေါ်သွားရတယ်။ (စစ်ကောင်စီတပ်နဲ့) သူတို့နဲ့က ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ဆုံမယ်ဆိုတာ မပြောနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁နှင့် ၂၀၂၂ ခုနှစ်တို့တွင် သာယာကုန်း၊ သဲပုံ၊ အင်းဝန်း၊ ကမြောကြီး၊ ဆိပ်ပင်အင်း စသည့် ကျေးရွာများတွင် စစ်ရေးလှုပ်ရှားမှုများ မတွေ့ရပေ။

သို့သော် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ရှိလာကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များကလည်း အထက်ပါကျေးရွာနှင့် အနီးတစ်ဝိုက်တွင်ရှိသော စစ်ကောင်စီနှင့် ပူးပေါင်း သူများကို ရှင်းလင်းခြင်း၊ သတိပေးခြင်းများ လုပ်ဆောင်လာသည့်နောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ် တွေ့လာရကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ်ကလည်း မေလ ၂၄ ရက်နေ့ကစပြီး သဲပုံရွာရှိ အင်းဝတောင်နှင့် အနီးတစ်ဝိုက်တွင် တပ်စွဲနေရာယူလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။