သရက်ချောင်းက ကျေးရွာလေးရွာထက်မနည်းကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ရှာဖွေ

0
1824

သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့တွင် ကျေးရွာ လေးရွာထက်မနည်းကို ဆက်လက်ဝင်ရောက်ရှာဖွေစစ်ဆေးကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၆ ရက် နံနက် ၅ နာရီခန့်က သရက်နှစ်ခွရွာမှ ဥတ္တူရွာဘက်ကို စစ်ကြောင်းထိုးလာကြောင်း ဒေသခံတို့က ဆိုသည်။

ဥတ္တူရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းသတင်းကို Dawei Watch က ဇွန်လ ၆ရက်က သတင်းဖော်ပြပြီးဖြစ်သည်။

ထိုမှတစ်ဆင့် ယနေ့ ဇွန်လ ၇ရက်တွင် ကျောက်လှေကား၊ ဟင်းဘုတ်ချောင်း၊ အင်းပြား၊ ကြာအင်းကျေးရွာများကို ရွာစဉ်တစ်လျှောက် ဆက်လက်ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယနေ့ နံနက် ၇ နာရီခွဲခန့်က အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကြာအင်းရွာသို့ ရောက်ရှိလာကာ အိမ်ထောင်စုနှင့် ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်ကြောင်း ‌ကြာအင်းရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အိမ်ထောင်စုပါအမည်၊ နေရပ်နှင့် အလုပ်အကိုင်များကို နေအိမ်သို့ ဝင်ရောက်စစ်ဆေးစဉ် မေးမြန်းကြောင်း ၎င်းက ဆိုသည်။

“လူမရှိတဲ့ အိမ်တွေကိုလည်း ဝင်တယ်။ တချို့အိမ်တွေမှာ ပိုက်ဆံတစ်သိန်း နှစ်သိန်းပါသွားကြတာတွေရှိတယ်။ ဖုန်းတွေ ပါသွားတဲ့ အိမ်လည်းရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ် ဝင်လာချိန်တွင် မိမိအိမ်တွင်သာ နေထိုင်ရန်နှင့် ထွက်ပြေးခြင်း မလုပ်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သေးကြောင်း အထက်ပါအမျိုးသားက ပြောသည်။

“သူတို့ကို မြင်လို့ပြေးရင် ပစ်မယ်လို့ပြောတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ကျောက်လှေကားရွာကနေ ရွာစဉ်တစ်လျှောက် တစ်ဆက်တည်းရှိသည့် ကြာအင်းရွာထိပ်ထိ မြေတင်ကားဖြင့်လာပြီး ယင်းမှတစ်ဆင့် ခြေလျင်ဆက်သွားသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။

ကြာအင်းရွာမှ ညောင်ဇင်ကျေးရွာကို ဝင်ရောက်စဉ် သေနတ်ပစ်ဖောက်မှုများ လုပ်ဆောင်ခဲ့ပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခြင်း မရှိခဲ့ကြောင်း ညောင်ဇင်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်က ကျေးရွာများကို ဖြန့်ကျက်ကာ စစ်ကြောင်းထိုးနေသဖြင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဥယျာဉ်ခြံ လုပ်ကိုင်သည့် ဒေသခံများလည်း မသွားရဲ မလာရဲဖြစ်နေကြပြီး သတိထားနေထိုင်နေကြရကြောင်း ဒေသခံတို့က ပြောဆိုသည်။