ရေးမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး လူငယ်တစ်ဦးဒဏ်ရာရ

0
2285

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးကလွဲရွာ ကြိုးတံတားချောင်းအနီးတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဇွန်လ ၆ ရက်နေ့ ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က အသက် ၂၄ နှစ်အရွယ် မင်းမွန်ချမ်းတို့ ဇနီးမောင်နှံနှစ်ဦး ဥယျာဉ်ခြံအသွား ကြိုးတံတားချောင်းအနီးရှိ ခြံတစ်ခုအတွင်း မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် မင်းမွန်ချမ်းသည် ခြေထောက်မိုင်းစ ထိမှန်ဒဏ်ရာရပြီး အမျိုးသမီးဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ဒေသခံတို့က ဆိုသည်။

“သူတို့ လင်မယားနှစ်ယောက်က ခြံသွားတာ။ ခြံတစ်ခုအဖြတ်မှာ မိုင်းနင်းမိသွားတယ်။ မိုင်းက ခြံဝင်းထဲမှာ ထောင်ထားတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မင်းမွန်ချမ်းကို လူမှုကူညီရေးအသင်းတို့၏ အကူအညီဖြင့် လမိုင်းမြို့ဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းတို့ထံမှ သိရသည်။

မြေမြှုပ်မိုင်းနင်းမိသည့် ကြိုးတံတားချောင်းအနီးတွင် စစ်ကောင်စီတပ် စခန်းချထားသည့်နေရာတစ်ခုဖြစ်ပြီး တော်လှန်ရေးအဖွဲ့တို့က မကြာခဏ လာရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကြိုးတံတားချောင်းအနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက နှစ်ကြိမ်၊ ဖေဖော်ဝါရီလအတွင်းက နှစ်ကြိမ် မြေမြှုပ်မိုင်းနင်းမိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

မိုင်းနင်းမိမှုကြောင့် ဒေသခံအမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ခြေထောက်ဖြတ်တောက်လိုက်ရကြောင်း ဒေသခံတိုထံမှ သိရသည်။