လောင်းလုံး အထက်တန်းကျောင်း ဖျက်ဆီးခံရ

0
1986

လောင်းလုံးမြို့ အထက်တန်းကျောင်းကို အမည်မသိလူများက ဝင်ရောက်ပြီး ကျောင်းစာသင်ခန်းအချို့ကို ဖျက်ဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။

တနင်္ဂနွေကျောင်းပိတ်ရက်ဖြစ်သည့် ဇွန်လ ၄ ရက်နေ့တွင် ဝင်ရောက်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ကျောင်းထဲရှိ စာသင်ခန်းအချို့၊ ဆရာ၊ ဆရာမ နားနေဆောင်နှင့် ကွန်ပျူတာများကို ရိုက်ခွဲဖျက်ဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောဆိုသည်။

“ကျောင်းမှာ ဖျက်ဆီးခံလိုက်ရတာကတော့ တော်တော်များတယ်။ ကွန်ပျူတာတွေ၊ စာသင်ခန်းတွေ ကြေမွနေအောင် ရိုက်ဖျက်သွားတာ” ဟု မျက်မြင်တွေ့ရသည့် ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။

စာသင်ခန်းထဲ ပျက်စီးနေမှုအခြေအနေကို ဇွန်လ ၅ ရက် ကျောင်းဖွင့်ချိန်ရောက်မှ တွေ့ရှိခဲ့ပြီး ယင်းနောက် လောင်းလုံးမြို့မရဲစခန်းက လာရောက်စစ်ဆေးခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ရဲစခန်းက လာရောက်စစ်ဆေးချိန် ကျောင်းအနီးဝန်းကျင်ရှိ ဒေသခံ အနည်းဆုံး ခြောက်‌ဦးကို စစ်ဆေးရန်ရှိသည်ဟုဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာခြင်း ရှိမရှိကိုမူ မသိရသေးပေ။

ကနဦးတွင် ကျောင်းဝင်းအတွင်း ဗုံးတွေ့ရှိသည်ဟု သတင်းထွက်သဖြင့် Dawei Watch က အချိန်ယူအတည်ပြု မေးမြန်းရာ ဗုံးတွေ့ခြင်းမဟုတ်ဘဲ ကျောင်းခန်းအချို့ဖျက်ဆီးခံရခြင်းသာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

လက်ရှိတွင် ကျောင်းသားများ ပုံမှန်အတိုင်း စာသင်ကြားနေကြောင်း မြို့ခံအချို့က ပြောဆိုသည်။