ပလမြို့တွင် ဖုန်းတစ်လုံး ကျပ်ငါးရာပေးပြီး အားသွင်းနေရ

0
1816

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် ဖုန်းတစ်လုံးလျှင် ငါးရာကျပ်ပေးကာ အားသွင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။

“ဖုန်းတစ်လုံး အားသွင်းရင် ငါးရာ (ကျပ်) ပေးရတယ်။ မီးစက်ရှိတဲ့အိမ်တွေမှာဆို လူတွေတန်းစီနေတယ်။ မီးစက်ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာရော အဲဒီလိုပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပလမြို့တွင် ပြီးခဲ့သည့် မေလ ၄ ရက်နေ့က ဒေသပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဓါတ်အားပေးစက်ရုံ လက်နက်ကြီးထိမှန်ကာ မီးလောင်ပျက်စီးခဲ့သည်။

ပျက်စီးသွားသည့် ဓါတ်အားပေးစက်ရုံသည် ပလမြို့အပါအဝင် အနီးအနားကျေးရွာများသို့ ဓါတ်အားဖြန့်ဖြူးပေးနေပြီး လက်ရှိအချိန်အထိ ပြန်လည် လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိအချိန်တွင် တတ်နိုင်သည့် ဒေသခံအချို့က ကိုယ်ပိုင်အိမ်သုံးမီးစက်များ၊ ဆိုလာပြားများဖြင့် လျှပ်စစ်မီးရရေး အသုံးပြုနေကြပြီး ဘတ္ထရီမီး၊ ဖယောင်းတိုင်နှင့် ရေနံဆီမီးခွက်ကိုလည်း ပြန်လည်အသုံးပြုသူများ ရှိလာကြကြောင်း ဒေသခံများက ပြောဆိုသည်။

ပလမြို့တွင် တိုရွာအပါအဝင် ရပ်ကွက်လေးခုရှိပြီး အိမ်ခြေနှစ်ထောင်နီးပါးရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပလမြို့ အမှတ် ၁၊ အမှတ် ၂ ရပ်ကွက်ဖြစ်သည့် တိုရွာတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတို့တွင် တိုက်ပွဲဖြစ်ပြီး နေအိမ်တစ်ရာနီးပါး မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။