ဆွီဒင်နိုင်ငံက လိင်ဆက်ဆံခြင်းကို အားကစားအဖြစ် သတ်မှတ်လိုက်ပြီဆိုသည်မှာ  သတင်းအမှားသာဖြစ်

0
2123

‘လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အဖြစ် တရားဝင်မှတ်ပုံတင်သည့် ဆွီဒင်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာပြီး ဇွန် ၈ ရက်တွင် Gothenburg မြို့ တွင် ပထမဆုံး လိင်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်’ ဆိုသော သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

သတင်းရင်းမြစ်အများအပြားကို ကိုးကား၍ မီဒီယာအများအပြားကလည်း ယင်းအကြောင်းအရာကို ဖော်ပြနေကြပြီး လူမှုကွန်ရက်များပေါ် တွင်လည်း ပွက်လောရိုက်စေခဲ့သည်။

သို့သော် အဆိုပါ သတင်းများအားလုံး သည် သတင်းမှားများသာ ဖြစ်နေခဲ့ကြောင်း အချက်အလက် ဆန်းစစ်ချက်များအရ သိရှိရသည်။

သတင်းမှန်စစ်ဆေးရေး ဝက်ဘ်ဆိုဒ် တစ်ခု ဖြစ်သည့် Newschecker ၏ ရေးသားချက်အရ ၎င်းတို့ဌာန အနေနှင့် ယင်းသတင်းများ စတင်ပွက်လောရိုက်လာချိန်တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဖော်ပြပါ ပြိုင်ပွဲအတွက် တရားဝင် ဝက်ဘ်ဆိုဒ်ပင် မရှိသည် ကို  စတင်သတိပြုမိခဲ့သည်။

ထို့အပြင် ဆွီဒင် သည် စကင်ဒီနေဗီးယားဒေသတွင်း နိုင်ငံတစ်ခု ဖြစ်လင့်ကစား အဆိုပါ အကြောင်းအရာ နှင့် ပတ်သက်ပြီး အခြားသော နိုင်ငံတကာ နှင့် ဥရောပတွင်း သတင်းဌာနကြီးများထံမှ တင်ဆက်မှုများကို လည်း မတွေ့ရသဖြင့် ယင်းသတင်း၏ မှန်ကန်မှုအပေါ်  သံသယများ ကို ပိုမို မြင့်တက်လာစေခဲ့ဟုဆိုသည်။

လူမှုကွန်ရက် Twitter တွင်  အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး ပထမဆုံးထွက်ပေါ်လာသည့် အသေးစိတ်အချက်အလက်များမှာ လည်း အမှားများသာ ဖြစ်ကြောင်း သိရှိရသည်။

ယုံကြည်နိုင် လောက်ဖွယ် ရှိသည့် အရင်းအမြစ်များအနက် ဤအကြောင်းအရာ အနီးစပ်ဆုံး သတင်း ကို ရှာဖွေရာ “လိင်ဆိုင်ရာ အဖွဲ့ချုပ် ဆွီဒင် ဟု ခေါ်ဖွယ်ရှိသော အဖွဲ့တစ်ခု ၏ ဥက္ကဋ္ဌ ဖြစ်သူ Dragan Bratych က အဖွဲ့ဝင် ဖြစ်ရန် လျှောက်ထားမှုကို ဆွီဒင် အမျိုးသား အားကစား အဖွဲ့ချုပ် (RF) က ငြင်းပယ်ခဲ့သည်” ဟူသော ဆွီဒင်အခြေစိုက် သတင်းဌာန Goterborgs-Posten ၏ ဧပြီလ ၂၆ရက်အတွက် သတင်းတင်ပြချက် တစ်ခု ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းအရ Bratych သည် ဆွီဒင်နိုင်ငံတောင်ပိုင်းတွင် အဖော်အချွတ်ကလပ်အသင်းများစွာကို ဖွင့်လှစ်ထားပြီး အမျိုးသားအားကစားအဖွဲ့ချုပ်၏ အဖွဲ့ဝင်ဖြစ်ရန် လျှောက်လွှာကို ဇန်နဝါရီလတွင် တင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် Bratych သည် ၎င်းတို့မှာ အဖွဲ့အစည်းဆိုင်ရာ နံပါတ်ရှိပြီး လိင်မှုကိစ္စသည် အခြားသော အားကစားများနည်းတူ တစ်ခုအဖြစ် အသိအမှတ်ပြုခံရသင့် ဟု ဒေသတွင်း မီဒီယာအား ဖြေကြားခဲ့ကြောင်း သိရသည်။

သို့သော်လည်း လအနည်းငယ် အကြာတွင် ဆွီဒင် အမျိုးသားအားကစားအဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ဤထုတ်ပြန်စာအရ အဆိုပါ လိင်ဆိုင်ရာ အဖွဲ့ချုပ် အနေနှင့် လျှောက်လွှာကို အချိန်မီတင်သွင်းခဲ့သော်လည်း မပြည့်စုံကြောင်း ၊ ထိုအချိန်တွင် ယင်းအဖွဲ့ အပြင် သီးခြား လာရောက် လျှောက်ထားသည့် အဖွဲ့ချုပ်လေးခုကိုလည်း ပယ်ချခဲ့ကြောင်း သိရသည်။

ဆွီဒင် အမျိုးသား အားကစားအဖွဲ့ချုပ် (RF) ၏ ဥက္ကဋ္ဌ Björn Eriksson ကလည်း “အဲ့ဒီအဖွဲ့က ကျွန်ုပ်တို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ မကိုက်ညီတာကြောင့် တင်သွင်းမှု ပယ်ချခံရတာ ဖြစ်ပါတယ် ဆိုတာလောက်ပဲ ဖြေပေးနိုင်ပါတယ်။ ကျွန်ုပ်တို့မှာ တခြားအလုပ်တွေ ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတင်းများအရ အဆိုပါ လိင်မှုကိစ္စ ပြိုင်ပွဲသည် လိင်ဆိုင်ရာ အဖွဲ့ချုပ် ၊ ဆွီဒင် ၏ လမ်းညွှန်မှုဖြင့် သီတင်းပတ် ခြောက်ပတ်ကြာ ကျင်းပမည်ဖြစ်ပြီး ဖြားယောင်းမှု၊ ပါးစပ်ဖြင့် လိင်ဆက်ဆံမှု၊ ထိုးသွင်းလိင်ဆက်ဆံမှုနှင့် အခြားသော ချစ်တင်းနှောမှုများ အပါအဝင် လိင်ပိုင်းဆိုင်ရာ နယ်ပယ် (၁၆) ခု ကို ကျွမ်းကျင်သူများ ပါဝင် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

အတည်မပြုနိုင်သော သတင်းများအရ အဆိုပါ ပြိုင်ပွဲအတွက် စာရင်းသွင်းထားသူ အယောက် (၂၀) ရှိသည်ဟု ဆိုသည်။

ဆွီဒင်အာဏာပိုင်များသည် အဆိုပါ အကြောင်းအရာ နှင့်ပတ်သက်ပြီး ယခုချိန်အထိ မည်သို့သော တရားဝင် တုံ့ပြန်မှု သို့မဟုတ် ထုတ်ပြန်ချက်မျှ မပေးသေးပေ။

Reference

●       Newschecker

●       WION

●       Snopes

●       NDTV