ထိုင်းတွင် မြန်မာတစ်ဦး သတ်ဖြတ်အလောင်းစွန့်ပစ်ခံရ

0
2314

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် အုပ်စုဖွဲ့ရိုက်နှက်သတ်ဖြတ်ခံရမှုကြောင့် မြန်မာအမျိုးသားတစ်ဦး သေဆုံးပြီး အလောင်းလည်း ချောင်းထဲ စွန့်ပစ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

သေဆုံးသူသည် အသက် ၄၀ နှစ်အရွယ်ရှိ ကိုမျိုးအောင်အမည်ရှိသော မြန်မာနိုင်ငံသားဖြစ်သည်။

ဇွန်လ ၂ ရက် နံနက် ၆ နာရီခန့်တွင် စမွတ်စခွန်ခရိုင် ကထူးဘင်ဒေသရှိ ဆိုင်ခန်းအတွင်း အိပ်နေသော ကိုမျိုးအောင်ကို မြန်မာအမျိုးသားတစ်စုက ကားပါကင်သို့ ဆွဲခေါ်သွားပြီး ရိုက်နှက်ကန်ကျောက်နေသည်ကို CCTV မှတ်တမ်းများအရ တွေ့ရကြောင်း ရေးသားထားသည်။

ထိုးကြိတ်ရိုက်နှက်ခဲ့ပြီးနောက် ကိုမျိုးအောင်ကို ကားပေါ်သို့ဆွဲတင်ကာ ကားများဖြင့် မောင်းထွက်သွားကြကြောင်း ဆိုသည်။

ကိုမျိုးအောင် ရိုက်နှက်ခံရပြီး ခိုက်ရန်ဖြစ်ပွားနေကြောင်း တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိခဲ့သော်လည်း အခင်းဖြစ်နေရာတွင် မတွေ့ရှိရတော့ကြောင်း ဆိုသည်။

ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် စမွတ်စွန်ခရမ်ခရိုင်ရှိ ဆားကွင်းအနီး ချောင်းထဲတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသော အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရသဖြင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားလာခဲ့ကြောင်း ဖော်ပြသည်။

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ ကိုမျိုးအောင်ဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရေး CCTV မှတ်တမ်းများမှ တစ်ဆင့် စုံစမ်းနေခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

ယင်းနောက် ဇွန်လ ၄ရက်တွင် ကိုမျိုးအောင်ကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရသူများထဲက မြန်မာအလုပ်သမားငါးဦးကို ကန်ချနဘူရီခရိုင် ထို့ဖာ့ဖမ်းဒေသရှိ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြုလုပ်ကာ ပြောဆိုထားသည်။

၎င်းတို့မှာ ကိုဇေယျအောင်၊ ကိုမြင့်ဌေး၊ ကိုစိုးမင်းသူ၊ ကိုချစ်အောင်၊ ကိုနိုင်လင်း ဆိုသူတို့ဖြစ်ကြပြီး အသက် ၂၄ နှစ်မှ ၃၃ နှစ်အထိရှိကြကြောင်း ဖော်ပြထားသည်။

ကိုမျိုးအောင်သည် ပွဲစားဖြစ်ပြီး ၎င်းတို့ထံမှ ငွေများယူထားကာ အလုပ်မရှာပေးခြင်း၊ နှမဖြစ်သူကိုလည်း ကိုယ်ထိ လက်ရောက်ပြုလုပ်ဖူးသဖြင့် လူသတ်မှုကျူးလွန်မိကြောင်း ကိုချစ်အောင်က ထွက်ဆိုသည်ဟု ရဲတပ်ဖွဲ့ဘက်က ပြောဆိုချက်ကို ကိုးကားကာ သတင်းများတွင် ရေးသားထားသည်။

ကျန်အမျိုးသားလေးဦးကလည်း ဝန်ခံထွက်ဆိုထားကြသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူအားလုံးကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု၊ လက်နက်ကိုင်ဆောင်မှုများဖြင့် အမှုဖွင့်ထားပြီး လွတ်မြောက်နေသူများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Ref: Siamrath, Thairath, Nation TV