ကော့သောင်း ကမ်းနားလမ်းကို ညနေပိုင်း ဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်မှု မြို့ခံများမကျေနပ်

0
1663

ကော့သောင်းမြို့ ဝိတိုရိယပွိင့်နေရာတွင် လမ်းပိတ်ပြီး ညဈေးရောင်းခွင့်ပြုလိုက်သဖြင့် ကား၊ ဆိုင်ကယ်များကို  ညနေပိုင်းတွင် ကမ်းနားလမ်းအထိ ဆင်းခွင့်မပေးတော့ကြောင်း မြို့ခံအချို့ကပြောသည်။

ဗိုလ်ချုပ်လမ်းအဝိုင်းပတ်တွင် ညနေဘက်ဈေးရောင်းနေသည့် သုံးဘီးတွန်းလှည်းဈေးဆိုင်များကို ကမ်းနားလမ်းဘက်သို့ စည်ပင်ကရွေ့ပြောင်းစေခဲ့ပြီးနောက် ညစျေးလုပ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။

“အရင်တုန်းကတော့ ဈေးသည်တွေက ပလက်ဖောင်းပေါ်ရောင်းကြတယ်။ တဖြည်းဖြည်းနဲ့ ဆိုင်တွေကများ ဝယ်တဲ့သူတွေကလည်းများလာတော့ လမ်းပါပိတ်တဲ့အထိဖြစ်တယ်။ နောက်တော့ ဘုရင့်နောင်အငူဖက်က ကမ်းနားလမ်းဘက်ကို (မေလ) ၂၁ ရက်နောက်ဆုံးရွှေ့ရမယ်ဆိုပြီး ပို့ပစ်လိုက်တာ ” ဟု ၎င်းမြို့ခံကဆိုသည်။

ကမ်းနားလမ်းသို့ဈေးဆိုင်များ ပြောင်းရွေ့ခိုင်းပြီးနောက် ညနေ ၅ နာရီမှ ၁၀ နာရီအထိကို ကမ်းနားလမ်းအားပိတ်ကာ ည‌ဈေးအဖြစ်သတ်မှတ်ပြီး ဈေးရောင်းခွင့်ပြုခဲ့သည်ဟုဆိုသည်။

ယင်းကြောင့် ညနေဘက်ကမ်းနားဆင်းပြီး ကျန်းမာရေးအရ လမ်းလျှောက်၊ လေညှင်းခံမည့်သူများ၏ ကား၊ ဆိုင်ကယ်တို့မှာ ယခင်ကကဲ့သို့ ကမ်းနားအထိ ဆင်းခွင့်မရတော့ကြောင်း မြို့ခံအချို့ကပြောသည်။

“ဆိုင်ကယ်ကို ဝိတိုရိယပွိုင့်မှာထားပြီး သွားမယ်ဆို အဝေးကြီးလမ်းလျှောက်ရမှာ။ ပြီးတော့ ဆိုင်ကယ်ပျောက်မှာလည်းစိုးရတယ်။ အဲတော့ ညနေဖက် ကမ်းနားမှာ လမ်းလျှောက်မယ့်သူတွေက အဆင်မပြေတော့ဘူးပေါ့” ဟု မြို့ခံတစ်ဦးကဆိုသည်။

ယင်းနောက် ဝိတိုရိယပွိင့်တွင် အခကြေးငွေဖြင့် ဆိုင်ကယ်လက်ခံသည့် အဖွဲ့တစ်ခုပေါ်လာကြောင်း ယင်းအဖွဲ့ကိုမည်သူက လုပ်ကိုင်ခွင့်ပေးထားသည်ကို မသိရကြောင်း၊ ဆိုင်ကယ်အပ်နှံခ ကျပ် ၅၀၀ တောင်းကြောင်း မြို့ခံတို့က မကျေမနပ်ပြောဆိုကြသည်။

“ကမ်းနားဆင်းရင်တောင် ဆိုင်ကယ်အပ်ရဦးမှာဆိုတော့ လုပ်စားတာဖြစ်သွားပြီအဲဒါကတော့” ဟု မြို့ခံတစ်ဦးကဆိုသည်။

ကော့သောင်းစည်ပင်သာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကမူ ခကြေးငွေဖြင့်ဆိုင်ကယ်အပ်လက်ခံခြင်းကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်ထံသို့ ကန်ထရိုက်ပေးထားခြင်း ဖြစ်ကြောင်းဆိုသည်။

ဆိုင်ကယ်အပ်ခကိုလည်း တစ်စီးကျပ် ၃၀၀ သာကောက်ခံရမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။

“လမ်းပိတ်လိုက်တယ်ဆိုတာက လူတွေလည်း လမ်းဆင်းလျှောက်ပြီး မုန့်တွေဘာတွေ ဝယ်စားချင် ဝယ်စားရအောင်လို့လေ။ ပြီးတော့ လမ်းလျှောက်ရတော့ ကျန်းမာရေးအတွက်လည်း ရအောင်ဆိုပြီးစီစဉ်ထားတာပါ” ဟု ၎င်းတာဝန်ရှိသူကဆိုသည်။

ကော့သောင်းမြို့တွင် ဆိုင်ကယ်ပျောက်ဆုံးမှု မကြာခဏဖြစ်ပေါ်နေသဖြင့် အခကြေးငွေဖြင့် ‌ဆိုင်ကယ်စောင့်ရှောက်ပေးခြင်းလည်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ကမ်းနားလမ်းတွင် ညဈေးဖွင့်လိုက်သော်လည်း ယခင်နေရာဟောင်းကဲ့သို့ လူမလာသဖြင့် ခြောက်ကပ်နေကြောင်း ဈေးဆိုင်ရှင်အချို့ကပြောသည်။

ယင်းအတွက်ကြောင့် ဈေးရောင်းမကောင်းဘဲဖြစ်နေကြောင်း ၎င်းတို့က ငြီးတွားနေကြသည်။