တာဝန်ယူမှု မရှိတော့တဲ့ လျှပ်စစ်ဌာနတွေ

0
1497

မြန်မာနိုင်ငံတွင် လျှပ်စစ်တစ်ယူနစ်အတွက် အမြင့်ဆုံးစျေးပေးပြီး ဝယ်သုံးနေရသည့် တနင်္သာရီတိုင်းတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစကာ လျှပ်စစ်မီးပုံမှန်မရရှိတော့သလို လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများ၏ တာဝန်မဲ့မှုများကို ပြည်သူများ ကြုံတွေ့လာရသည်။

တနင်္သာရီတိုင်းမှာ ပုဂ္ဂလိကကုမ္ပဏီက ဖြန့်ဝေသည့်လျှပ်စစ်မီးကိုသာ အဓိက အားပြုနေရပြီး လျှပ်စစ်မီတာခစျေးနှုန်း မြင့်မားစွာပေး၍ ဝယ်ယူသုံးစွဲနေကြရသည်။

တိုင်းဒေသကြီး အစိုးရက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည့် ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ယူကာ တစ်ယူနစ်သတ်မှတ်စျေးဖြင့် လုပ်ကိုင်ခွင့် ပေးထားခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အားခမှာ သက်ဆိုင်ရာကုမ္ပဏီအပေါ်မူတည်ကာ ထားဝယ်ခရိုင်တွင် တစ်ယူနစ်လျှင် ကျပ် ၄၀၀ ဝန်းကျင် မြိတ်နှင့်ကော့သောင်းခရိုင်တွင် ကျပ် ၁၀၀၀ ကျော်အထိ အမျိုးမျိုးရှိပြီး စျေးနှုန်းမတူညီကြပေ။

အချို့ကျေးရွာများတွင်မူ ဒီဇယ်မီးစက်အသေးစားလေးများဖြင့် လျှပ်စစ်မီးဖြန့်ဖြူးသူများရှိပြီး တစ်ယူနစ် ၂၀၀၀ ကျော်အထိပေးကြရသည်။

ယင်းသို့ လျှပ်စစ်မီတာခကို စျေးကြီးပေး ဝယ်ယူသုံးစွဲနေရသော်လည်း ပြတ်ချင်သည့် အချိန်တွင် ပြတ်၊ လာချင်သည့် အချိန်တွင် လာ ဖြစ်နေသည်။ ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီများကလည်း ယင်းအပေါ် တာဝန်ယူ တာဝန်ခံမှု မရှိသလို ယခင်ကလို ကြိုတင်အသိပေးခြင်း ဓာတ်အားပြတ်တောက်မှုအပေါ် ရှင်းလင်းအသိပေးခြင်း များပင် မရှိတော့ပေ။

ယခင်ကဆိုလျင် လျှပ်စစ်မီးပြတ်တောက်မည်ဆိုပါက ကြိုတင်အသိပေးကြေညာခြင်း ပြတ်တောက်ရသည့် အကြောင်းအရင်းကို ရှင်းလင်းအသိပေးခြင်း စသဖြင့် တာဝန်ယူမှု အပြည့်ရှိသော်လည်း ယခုအချိန်တွင်မူ အလေးအနက်ထားရန် မလိုတော့သည့် သဘောဖြစ်လာနေသည်။

လျှပ်စစ်ကို အားထားရသည့် လုပ်ငန်းများမှာ ကြိုတင်အသိပေးခြင်းမရှိဘဲ လျှပ်စစ်ပြတ်တောက်မှုကြောင့် ဆုံးရှုံးမှုများစွာ ကြုံတွေ့နေရသော်လည်း ယခင်လို ဖြေရှင်းချက်ပင် တောင်းဆိုခွင့် မရဘဲရှိနေကြသည်။

ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် တနင်္သာရီတိုင်း ဒေသအချို့မှ ပြည်သူများကို တွေ့ဆုံမေးမြန်းကာ ‘တနင်္သာရီ ပုံရိပ်’ အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

(ထားဝယ်ခရိုင်တွင် လျှပ်စစ်ဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီသို့ လျှပ်စစ်မီး မကြာခဏပြတ်တောက်နေသည့် အကြောင်းအရင်းကို  ဇွန်လ ၂ ရက်က ဖုန်းဆက်သွယ်မေးမြန်းခဲ့သည်။ ကုမ္ပဏီဘက်ကမူ တယ်လီဖုန်းဖြင့်မေးမြန်းပါက ဖြေဆိုမည်မဟုတ်ဘဲ လူကိုယ်တိုင် ရုံးတွင်လာရောက် မေးမြန်းရန် ပြောဆိုခဲ့သည်။ Dawei Watch အနေဖြင့် လုံခြုံရေးအခြေအနေအရ ကုမ္ပဏီသို့ လူကိုယ်တိုင် သွားရောက်မေးမြန်းနိုင်ခြင်းမရှိပေ။

စစ်ကောင်စီခန့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ထံသို့လည်း လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေသည့် အကြောင်းအရင်းအား မေးမြန်းခဲ့သေးသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။)

“(လျှပ်စစ်မီးက) သူတို့ပေးမှရမယ့်ပုံစံမျိုး ဖြစ်နေတာကိုး အရင်တုန်းကလို တောင်းဆိုလို့လည်းမရဘဲကို”

ကော့သောင်းမြို့ခံတစ်ဦး

DW ။ ကော့သောင်းမြို့မှာ လျှပ်စစ်မီတာခ ဈေးဘယ်လောက်ရှိနေလဲ။

ဖြေ ။ တစ်ယူနစ်ကိုဆို ၁၀၃၀(ကျပ်) ရှိတယ်။ ၁၅၀၀ ကျော်ရှိတာလည်းရှိတယ်။ မီးပေးနေတာက နှစ်ခု ( လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှစ်ခု) ဆိုတော့ တစ်ခုနဲ့တစ်ခုဈေးမတူဘူး။‌ ကော့သောင်းမှာကတော့ မီတာခက သူများထက်ဈေးကြီးတယ်။ ဟိုးအရင်ကဆို( အာဏာမသိမ်းခင်) တစ်ယူနစ်မှ ၄၀၀ ကျော် ‌အဲလောက်ပဲ။ နောက်ပိုင်း ဒီဇယ်ဈေးတွေတက်လာတော့ မီတာခလည်းတက်လာတယ်။ အခုလည်း တစ်ထောင်ကျော်မှာ တက်လိုက်၊ ကျလိုက်ဖြစ်နေတယ်။

DW ။ လျှပ်စစ်မီးပြတ်တောက်တဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ ။ မီးပြတ်တာက စည်းကမ်းမရှိဘူး။ အရင်တုန်းကတော့ ဘယ်နေရာမှာပျက်နေတယ်။ ဘယ်နေ့ဘယ်အချိန်မှာ ပြန်လာမယ်ဆိုပြီး ပြောသေးတယ်။ အခုသူတို့က လုပ်ချင်သလိုလုပ်တယ်။ ဖြတ်ချင်သလိုဖြတ်တယ်။ နေ့တိုင်းလိုလိုပျက်တယ်။ အကြာကြီးပျက်တာတော့ မဟုတ်ဘူး။ ခဏငယ်ကြာရင်ပြန်လာတယ်။ တစ်ခါတစ်ခါကျရင် မီတာဆောင့်ဆောင့်တက်တာလည်းရှိတယ်။ အဲဒီအချိန်ဆို အိမ်ကမီးသီးတွေ တစ်ခါတလေကျတော့ ကျွမ်းကုန်တာပေါ့သူတို့လုပ်တာတွေ။ မီးဘယ်အချိန်ပျက်မယ်။ ဘယ်အချိန်ပြန်လာမယ် ကြိုပြီး‌ပြောထားရင်တော့ ကြိုပြီးပြင်ဆင်ထားလို့ရသေးတယ်။ အခုက ဘာမပြော ညာမပြော ရုတ်တရက်ကြီး ဖြတ်ချတာဆိုတော့ အိမ်မှာ ကွန်ပျူတာရှိဆို ကွန်ပျူတာရုတ်တရက်သေသွားရော။ ကွန်ပျူတာပြင်ဆိုင်ပြေးရပေါင်းလည်းများလှပြီ။

DW ။ မကြာခဏ လျှပ်စစ်မီးပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ ။ အခုချိန်မှာကတော့ သူတို့ကိုလည်းဘာမှပြန်သွားပြောလို့မရဘူး။ သူတို့ပေးမှရမယ့်ပုံစံမျိုးဖြစ်နေတာကိုး။ အရင်တုန်းကလို တောင်းဆိုလို့လည်းမရဘဲကို။ တစ်ခါခါကျရင်လည်း မီးလာပြင်ပေးတဲ့သူတွေက မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံတာတွေရှိတယ်။ မီးတိုင်ဆွေးတွေကို ပြင်ပေးဖို့‌ခေါ်ရင် တော်ရုံနဲ့မလာဘူး။ သုံးလေးခါခေါ်မှလာတယ်။ မီးကြိုးတွေတွဲကျနေတော့ ကလေးတွေဆော့ရင် အန္တရာယ်ရှိတယ်လေ။ နောက်ပြီးတော့ မီးပျက်တာနဲ့ပတ်သက်ပြီးပြောချင်တာက ကျွန်တော်တို့က သူတို့တောင်းတဲ့ဈေးနဲ့ သုံးနေတဲ့သူတွေလေ။ အဲတော့ မီးပုံမှန်လာစေချင်တယ်။ ခဏခဏပျက်နေတော့ အိမ်သုံးဆောင်ပစ္စည်းတွေ ပျက်စီးတယ်ဗျ။ ကျွန်တော်မှာ ဘယ်လိုပြောရမလဲ ဆုံးရှုံးမှုများတာပေါ့ဗျာ။

“မီတာခဈေး အဆမတန်တက်နေတာတောင် ကိုယ့်ဘက်မှ ပြောဖို့ အခွင့်အရေးက မရှိတာကိုး”

ကားဘော်ဒီပြုပြင်ရေး လုပ်ကိုင်သူ အမျိုးသားတစ်ဦး။

DW ။ ပထမဆုံးအနေနဲ့ မြိတ်မြို့ရဲ့ မီတာခဈေး အခြေအနေလေး သိပါရစေ။

ဖြေ ။ မြိတ်မီတာခက စံချိန်ပဲ သူများနေရာနဲ့ မတူဘူး၊ တစ်ယူနစ် တစ်ထောင်ကျော်ပါတယ်၊ ဧပြီလအတွက်ဆိုရင် ၁၀၇၆ ကျပ်ပါ၊ အရင်လထက်စာရင် ပြားစွန်းလေးတော့ ကျတာပေါ့၊ အတိအကျဆိုရင် ၃၇ ကျပ် ကျပါတယ်။

DW ။ တစ်ယူနစ်ကို တစ်ထောင်ကျော်ကျော် ပေးနေရတာဆိုတော့၊ လျှပ်စစ်မီးကရော အချိန်ပြည့် ရရဲ့လားဗျ။

ဖြေ ။ ဘယ်ရမလဲ၊ မီးသေတဲ့အခါလည်း ရှိတယ်၊ တစ်ခါတစ်ခါ မီးပြတ်ရင် အနည်းဆုံး မီနစ် ၂၀၊ ၃၀ တော့ ကြာတယ်။ ဒါက ပုံမှန်နေ့တိုင်းနီးပါးလိုလို ကြုံနေရတာ၊ တစ်ခါ‌တစ်လေ နာရီပိုင်းနဲ့ ကြာတာမျိုး ကြုံဖူးတယ်။

DW ။ မီးပြတ်မယ်၊ မီးသေမယ်ဆိုတာ လျှပ်စစ်မီးရုံးက ကြိုတင်အသိပေးတာမျိုး ရှိရဲ့လား။

ဖြေ ။ အရင်နှစ်တွေတုန်းဆိုရင် တနင်္ဂနွေနေ့တိုင်း မီးသေတတ်တယ်။ တစ်ခါသေရင် သုံးနာရီ၊ လေးနာရီ အဲလိုကြာတယ်။ မီးရုံးကတော့ လိုင်းပေါ်ကနေ တစ်ရက်ကြိုပြီးတော့ ဘယ်ချိန်ကနေ ဘယ်ချိန် မီးသေမယ်။ ဓာတ်အားလိုင်းတွေပြင်ရမယ်၊ ဘယ်ရပ်ကွက်တွေပါမယ်ဆိုပြီး အသိပေးတာမျိုးတော့ ရှိတယ်။ အခုအသိပေးတာတွေ မတွေ့ရဘူး။ မီးသေတဲ့အချိန်သေတာပဲ လာတဲ့အချိန်လာတာပဲ၊ သူက အစိုးမရဘူး၊ မိုးလိုပဲ ရွာချင်ရွာမယ် မရွာချင်မရွာဘူးပေါ့။

DW ။ ဒီလို လျှပ်စစ်မီးပြတ်တဲ့အချိန်ကျရင် အလုပ်ထဲမှာ ဘာတွေကြုံရလဲ။

ဖြေ ။ အလုပ်က အချိန်ပြည့် မီးသုံးနေရတာ၊ မီးပြတ်တာနဲ့ ဆေးမှုတ်တာတွေဆိုရင် တန်းလန်းကြီးဖြစ်ကုန်တာ၊ အလုပ်ကလည်းများ စိတ်ကလည်းရှုတ်နေတဲ့အချိန် မီးသေပြီဆို ဒေါသတွေလည်းထွက် တစ်ခါတည်း မီးရုံးကို ပြေးထိုးချင်စိတ်တောင် ပေါက်တာ၊ စိတ်ပြန်လျော့ပြီး မီးလာတဲ့အချိန်ပဲ ထိုင်စောင့်ရတာပေါ့၊ ဘာတတ်နိုင်မှာလဲ၊ မီတာခဈေး အဆမတန်တက်နေတာတောင် ကိုယ့်ဘက်မှာ ပြောဖို့ အခွင့်အရေးက မရှိတာကိုး။

DW ။ အခြားဖြည့်စွတ်ပြောချင်တာများ ရှိမလား။

ဖြေ ။ ပြောတော့ တစ်ယူနစ် ၂၉၀၊ ၃၀၀ ကောက်တော့ တစ်ထောင်ကျော် ဒီဇယ်ဈေးအကြောင်းပြတာပေါ့၊ ဒီဇယ်ဈေးတက်တာ လက်ခံပါတယ်၊ ဒါပေမဲ့ မီးဈေးက အဆမတန် မတက်သင့်ဘူး၊ မီးပြတ်တာဆိုရင် မိုးကြိုးပစ်တာတို့ လျှပ်စီးလက်တဲ့အချိန်ဆို မီးခဏပြတ်တာမျိုးကျတော့ လက်ခံပေးလို့ရသေးတယ်၊ ကျန်တဲ့အချိန်မှာ မီးပြတ်မျိုးကျတော့ မဖြစ်သင့်ဘူး၊ မီးဈေးကြီးကြီး ပေးရပြီး မီးအပြည့်အဝ၊ အချိန်ပြည့်ပေးနိုင်အောင်တော့ လုပ်ပေးစေချင်ပါတယ်။

DW ။ အခုလို အချိန်‌ပေးပြီး ဖြေဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“မီးခဏ ခဏပြတ်လာတာက လေးငါးခြောက်လလောက်တော့ ရှိပြီ”

ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်က အမျိုးသမီးတစ်ဦး

DW ။  ထားဝယ်မှာ လျှပ်စစ်မီးပြတ်တဲ့အခြေအနေ ဘယ်လိုရှိလဲ

ဖြေ  ။  မီးက နေ့တိုင်းတော့ မပြတ်ဘူး၊ ပြတ်တဲ့အချိန်လည်း ပြတ်နေတာပဲ။ တစ်ပတ်မှာ ၃ ရက်လောက်တော့ ပြတ်တယ်။ မိုးရွာရင်တော့ မီးပြတ်တယ်။ အခုတော့ မိုးသိပ်မရွာတော့ မီးပြတ်နည်းနေတယ်၊ စနေ တနင်္ဂနွေဆိုရင်တော့ နေ့တိုင်းလိုပဲ ပြတ်တယ်။ စနေ တနင်္ဂနွေဆိုရင်တော့ သူတို့ မီးလိုင်းပြင်တယ်ဆိုပြောတယ်။ အဲ့လိုဆို ပြတ်တယ်။ စနေ တနင်္ဂနွေကတော့ ပုံမှန်ပဲ၊ မီးတနေ့လုံး မလာဘူး။ ညနေမှလာတယ်။

DW  ။  အရင်တုန်းက အဲ့လိုမပြတ်ဘူးထင်တယ်

ဖြေ  ။  အင်း၊ အရင်တုန်းကတော့ သူတို့ မီးပြတ်မယ်လို့ ကြေညာတဲ့နေ့မှပဲ ပြတ်တယ်။ အခုကျတော့ စနေ တနင်္ဂနွေဆို ပုံမှန်လိုဖြစ်နေတယ်။ ပြတ်နေတာ။

DW  ။  အဲ့လိုမီး ခဏခဏပြတ်တော့ ကိုယ့်အတွက်ဘာတွေ အခက်အခဲဖြစ်လဲ

ဖြေ  ။  စနေ တနင်္ဂနွေက ပုံမှန်ပြတ်နေကြဖြစ်သွားပြီဆိုတော့ မနက်အစောကြီးတည်းက ထလုပ်ထားတာတွေရှိတယ်။ တချို့ အင်္ကျီချုပ်သမားတွေဆို လိုင်းပေါ်မှာ တော်တော်တင်ကြတာရှိတယ်။ မီးမလာလို့ သူတို့ အခက်အခဲဖြစ်တဲ့အကြောင်းတွေပေါ့နော်။ ဘယ်အချိန်ထိပြတ်မလဲဆိုပြီး၊ သူတို့အလုပ်လုပ်စားရပါအုံးမလားဆိုပြီး တင်နေတာတွေရှိတယ်။ သူတို့ မော်တာစက်သုံးသမားတွေပေါ့နော်။

ကျွန်မတို့မှာတော့ အဲ့ဒီရက်တွေက မီးပြတ်တာ ပုံသေလိုဖြစ်နေတော့ ရေဆိုလည်း ကြိုတင်ထားတယ်၊ ထမင်းတည်ဖို့ဆိုလည်း အစောကြီးတည်းက ထတည်ထားတယ်ပေါ့။ ဒီလို မီးခဏ ခဏပြတ်လာတာက လေးငါးခြောက်လလောက်တော့ ရှိပြီ။

“ဖုန်းအားသွင်းသူတွေလည်း မီးရှိတဲ့အိမ်တွေမှာ တန်းစီနေကြတယ်”

ပလမြို့ဒေသခံ အမျိုးသားတစ်ဦး

DW ။ ပလမြို့မှာ လက်ရှိလျှပ်စစ်မီးအခြေအနေ ဘယ်လိုရှိနေလဲ။

ဖြေ ။ ပလမြို့မီးစက် လက်နက်ကြီး ထိပြီးကတည်း ကခုထိမီးပြန်မရသေးဘူး။ မှောင်နေတုန်းပဲ။

(ပလမြို့အပါအဝင် အနီးအနား ကျေးရွာတချို့ကို ဖိုးသီးချိုကုမ္ပဏီက ဓါတ်အားဖြန့်ဖြူးနေပြီး မေလ ၄ ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကာ ဓါတ်အားပေးစက် ၃ ခုစလုံးပျက်စီးသွားသည်)

DW ။ ဒါဆို လက်ရှိလျှပ်စစ်မီးကိစ္စကို ဘယ်လိုဖြေရှင်းနေကြလဲ။

ဖြေ ။ တတ်နိုင်တဲ့တချိုအိမ်တွေက အိမ်တွင်းမီးစက်လေးမောင်းပြီး မီးထွန်းကြတယ်။ ဆိုလာမီးသုံးနေသူတွေ၊ ဘတ္ထရီမီးသုံးသူတွေ ရှိသလို မီးခွက်၊ဖယောင်းတိုင် ထွန်းတဲ့သူက များကြတယ်။

DW  ။  ဖုန်းလိုင်းအခက်အခဲတွေရော ရှိလား။

ဖြေ ။ အဲဒါတော့ သိပ်မရှိဘူး။ဒါပေမဲ့ ဖုန်းအားသွင်းရခက်တယ်။ ဖုန်းတစ်လုံးအားသွင်းရင် ငါးရာ(ကျပ်)ပေးနေရတယ်။ ဖုန်းအားသွင်းသူတွေလည်း မီးရှိတဲ့အိမ်တွေမှာ တန်းစီနေကြတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း သူသူငါငါ ဖုန်းအားလာသွင်းနေကြတာတွေရှိတယ်။

DW ။ လျှပ်စစ်မီးကိစ္စနဲ့ပတ်သက်ပြီး တခြားပြောစရာရှိသေးရင် ပြောပေးပါဦး။

ဖြေ ။  မရှိတော့ပါဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“မီးပြတ်မယ်ဆိုလည်း အရင်ကလို ကြိုတင်ပြီး သိချင်တယ်။ ကြိုတင်ကြေညာပေးစေချင်တယ်”

ရေဖြူမြို့နယ် အမျိုးသမီးဆံပင်အလှပြင်ဆိုင်ဖွင့်ထားသည့်အမျိုးသမီးတစ်ဦး

DW ။ ရေဖြူမှ လျှစ်စစ်မီးပြတ်တောက်မှုအခြေအနေဘယ်လို့ရှိလဲ

ဖြေ ။ အစကတော့ပုံမှန်လာနေတာပဲ။အခုတလောမှာတော့ စနေ၊တနင်္ဂနွေဆိုရင် ပုံမှန်နီးပါးပြတ်တယ်။ ပုံမှန်ပြတ်လာတယ်ဆိုတော့ သတိထားလာမိတယ်။

DW ။ ဒီလိုမီးခဏခဏပြတ်နေတာ ဘယ်လောက်ကြာပြီလဲ။ ကြိုတင်ကြေညာပေးတာမျိုးရောရှိလား။

ဖြေ ။ တစ်နှစ်နီးပါးလောက်ရှိပြီ။ အရင်ကတော့ သက်ဆိုင်ကုမ္ပဏီရဲ့ လူမှုကွန်ရက်တွေမှာ ကြိုတင်ကြေညာပေး‌တာမျိုးတွေရှိတယ်။ အခုမကြေညာတော့ဘူး။ စနေ၊တနင်္ဂနွေဆို မီးပြတ်မယ်ဆိုတာ သိနေတော့ရိုးနေပါပြီ။

DW ။ မီးပြတ်တာ ဘယ်လောက်လောက်ကြာလဲ။ ဘယ်လိုကြိုတင် ပြင်ဆင်ခဲ့ရတာတွေရှိလဲ။

ဖြေ ။ မနက်ရှစ်နာရီ၊ ကိုးနာရီလောက်ကတည်းက ပြတ်တာ ညနေငါးနာရီလောက်မှ ပြန်လာတယ်။ စနေတနင်္ဂနွေဆို မနက်စောစောကတည်းက ထမင်းချက်ဘာညာ လုပ်စရာရှိတာ လုပ်ထားရတာပေါ့။

DW ။ အရင်ကရော အခုလိုအချိန်အကြာကြီး မီးပြတ်တာမျိုးရှိလား။

ဖြေ ။ မရှိဘူးအရင်က။ ပြတ်မယ်ဆိုရင်လည်း လူမှုကွန်ရက်စာမျက်နှာတွေကနေ ကြိုတင်ကြေညာတယ်။ အခုက သူ့ဘာသာသူပြတ်ချင်တဲ့အချိန် ထပြတ်တယ်။ စနေ၊တနင်္ဂနွေကတော့ ပုန်မှန်ပြတ်တယ်။ မိုးတအားရွာလည်း တစ်နေကုန်နီးပါးပြတ်တဲ့နေတွေလည်းရှိတယ်။

DW ။ ဒီလိုအချိန်ကြာကြီး ပြတ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းနဲ့ အိမ်မှုကိစ္စတွေမှာ ဘယ်လိုအခက်အခဲမျိုးတွေ ကြုံရလဲ။

ဖြေ ။ ခက်ခဲမှုကတော့ ဆိုင်လာတဲ့ ‌ဖောက်သည်တွေကို ရက်ရွှေ့လိုက်ရတာတွေရှိတယ်။ စနေ့၊တနင်္ဂနွေလာရင် တနင်္လာနေ့မှ ပြန်လာဆိုတာမျိုး ပြန်ချိန်းလိုက်ရတာတွေရှိတယ်။ နောက်အခက်အခဲက လျှစ်စစ်အသုံးပြုရတဲ့အတွက် ရေအခက်အခဲရှိတယ်။ အဝိစီတွင်းအသုံးပြုထားတဲ့ အိမ်တွေဆိုတော့ ပိုခက်တာပေါ့။ ရိုးရိုးရေတွင်းက မီးမလာရင် ပုံးနဲ့ရေငင်လို့ရသေးတယ်။

DW ။ မီးမလာလို့ ကိုယ့်ဖောက်သည်တွေကို ရက်ရွှေ့လိုက်ရတယ် ပြောတယ်‌နော်။ ဆိုတော့ ဖောက်သည် ပျက်သွားတာမျိုးရှိလား။

ဖြေ ။ ဆံပင်မလုပ်ခင်မီးပြတ်ရင်တော့ ကြိုပြောလို့ရသေးတာပေါ့။ လုပ်နေရင်းနဲ့မီးပြတ်တော့ ဖောက်သည်တွေဘက်ကလည်း စိတ်ပျက်တာမျိုးတော့ရှိနိုင်တာပေါ့။ နောက်ပြီး အမျိုးသမီးအများစုက ဆံပင်လုပ်တယ်ဆို ပွဲတက်စရာရှိလို့လာလုပ်တာရှိတယ်။ အဲလိုအချိန်မျိုး ကိုယ့်ကိုအားကိုးပြီး လာလုပ်မှာ အဲလိုမျိုး‌နဲ့ကြုံရင် ကိုယ်ဘက်က ဝန်ဆောင်မှုမပေးနိုင်လို့ စိတ်ပျက်တာမျိုးတွေတော့ ရှိတာပေါ့။

DW ။ အဲဒီတော့ ကိုယ်တိုင်ကလည်း အခကြွေးငွေပေးပြီး လျှစ်စစ်သုံးစွဲနေသူတစ်ယောက်ဖြစ်တော့ ဒီလိုဖြစ်နေတဲ့အပေါ်မှာ ဘာပြောချင်တာရှိလဲ။

ဖြေ ။ မီးပြတ်မယ်ဆိုလည်း အရင်ကလို ကြိုတင်ပြီး သိချင်တယ်။ ကြိုတင်ကြေညာပေးစေချင်တယ်။ ဘာလို့လဲဆို အလုပ်လုပ်ရင်းနဲ့ ရုတ်တရက်မီးပြတ်ရင် အခက်အခဲတွေအများရှိတဲ့အတွက်ကြောင့် ပြင်ဆင်ချိန်ရအောင် ကြိုတင်သိချင်တယ်။ ခဏတစ်ဖြုတ် ပြတ်ရင်ကိစ္စမရှိဘူး။ နားလည်ပေးလို့ရတယ်။ လိုက်ချိန်ဆလို့လည်းရတယ်။ ကြိုတင်မသိဘဲ တစ်နေကုန်နီးပါးပြတ်တော့ ဘာမှာ လုပ်လို့မရတော့ဘူး။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

“လျှစ်စစ်အဓိကအားထား လုပ်ရတယ်လေ။ မီးမလာရင်တော့ထိုင်နေရတာပေါ့”

လောင်းလုံးမြို့နယ်မှ ကွန်ပြူတာ/မိတ္တူဆိုင်ဖွင့်လှစ်ထားသူတစ်ဦး

DW ။ အခု‌တစ်လောမီးခဏခဏပြတ်တယ်လို့ကြားနေရတယ်။ အဲဒီဘက်မှာရောဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ပြတ်တယ်၊မနက်ကိုးနာရီကတည်းကပြတ် ညနေ သုံးနာရီလေးနာရီမှာပြန်လာတယ်။ ခုတလောက ကြိုတင်မကြေညာဘဲနဲ့ပြတ်တာ။

DW ။ အဲဒီအတွက်လုပ်ရကိုင်ရတာ ခက်ခဲတာတွေရှိလား။

ဖြေ ။ ရှိ‌တာပေါ့။ အခက်အခဲကတော့ အလုပ်မလုပ်ရတော့ဘူး။ စာစီစာရိုက်တယ်ဆိုတာက လျှစ်စစ်အဓိက အသုံးပြုလုပ်ရတဲ့ လုပ်ငန်းဆိုတော့လေ။

DW ။ အဲဒီအတွက် ဖောက်သည်တွေ ငြိုငြင်တာ ခံရတာရှိလား။ဘယ်လိုဖြေရှင်းရလဲ။

ဖြေ ။ ရှိတာပေါ့အချိန်မီမပြီးရင် ဒီလိုပဲနားလည်အောင်ရှင်းပြ တောင်းပန်ရတာပေါ့။ ရက်ချိန်းတွေ ပြန်ညှိနှိုင်းရတာပေါ့။ မီးကကြိုတင်မကြေညာပဲပြတ်တော့ မီးလာတုန်းပဲ ဖိဖိပြီးလုပ်နေရတယ်။ အချိန်ကန့်သတ်လို့မရ‌ တော့ဘူးပေါ့။ မီးပုံမှန်လာနေရင် အမြန်ပြီးမယ်။ မီးမလာရင် ရက်ချိန်းတွေ နောက်ကျတယ်ပေါ့။ အခုဆို ကိုယ်က ဖိတ်စာလာရိုက်တာပဲထား အလုပ်ချိန်(ပြီးနိုင်မယ့်အချိန်တွက်ဆ) တော့မယ်ဆိုရင် မီးပြတ်နိုင်တဲ့ရက်တွေကိုလည်း ထည့်တွက်စဉ်းစားလာရတယ်။ ဒီလုပ်ငန်းကလည်း လျှစ်စစ်အဓိကအားထား လုပ်ရတယ်လေ။ မီးမလာရင်တော့ထိုင်နေရတာပေါ့။ ကိုယ်က ညကတည်းက မနက်ဖြန်ဖိတ်စာ ဘယ်လောက်ရိုက်မယ်ဆိုပြီး မှန်းထားရင် မနက်လည်းကျရောမီးက ဖျက်ခနဲပြတ်တယ်ဆိုရင် အရမ်းစိတ်ညစ်ရတယ်။ ဖောက်သည်တွေလာရင် ဘယ်လိုတောင်ပန်းရမယ် ဆိုတာတွေက အစတွေးနေရတော့တယ်။ တစ်ခါတလေ ညဘက်မီးလာနေရင် ညဘက်ပါထလုပ်နေရတယ်။ ကိုယ်အတွက် မီသားစုနဲ့ သက်သောင့်သက်သာ နားချိန်ဆိုတာ နည်းသွားတာပေါ့လေ။

DW ။ ဝန်ဆောင်မှုတစ်ခုကို အခကြေးငွေပေးပြီး သုံးစွဲသူတစ်ယောက်အနေနဲ့ ဒီလိုမျိုးမကြာမကြာဖြစ်နေတဲ့ အပေါ်မှာ ဘာပြောချင်တာရှိလဲ။

ဖြေ ။ မီးမလာတော့ လုပ်ငန်းဆုံးရှုံးမှု‌ တွေရှိတယ်။ အချိန်နောက်ကျတယ်။ အဲဒီအတွက်တော့မကြိုက်ဘူး။ တစ်ခုခုဖြစ်ပြီး မီးပြတ်တော့မယ်ဆိုရင် အရင်ကလိုကြိုတင်ကြေညာ ပေးစေချင်ပါတယ်။ အဲဒါမှလည်း ဖောက်သည်တွေအတွက် ရက်အမှန်ချိန်းလို့ရမယ်။ ဘာလို့လဲဆိုတော့ ဘယ်နေ့မီးပြတ်မယ်ဆိုတာ ကြိုသိနေတော့ ကြိုပြင်ရတာပေါ့။ မသိဘဲပြတ်ရင် စိတ်ညစ်ရတယ်။ အလုပ်မပြီးဘူးဆိုတော့လေ။ ခဏတစ်ဖြုတ်မီးပြတ်ရင် ပြဿနာမဟုတ်သေးဘူး။ ချွတ်ယွင်းချက်ရှိလို့ ပြတ်တယ်ဆို‌တာ နားလည်ပေးလို့ရသေးတယ်။ တစ်နေကုန်နီးပါးပြတ်မယ်ဆိုရင် ကြိုတင်ကြေညာပေးစေချင်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။