သရက်ချောင်းမြို့နယ် စုံစင်ဖျားရွာအနီး ကားတစ်စီးပစ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး

0
1249

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာနှင့် ချောက်ချောင်းရွာကြား ၃၂ မိုင်အနီးတွင် ဇွန်လ ၁ ရက် ည ၈ နာရီကျော်ခန့်က ကားတစ်စီးပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်ဘက်မှ မြိတ်ဘက်ကိုဆင်းလာသည့် ဖရဲသီးသယ်သည့်ကားကို တားဆီးရာ ရပ်မပေးသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

သေဆုံးသူမှာ မြိတ်မြို့နယ် စန္ဒာဝတ်ကျေးရွာမှ အသက် ၅၃ နှစ့်ခန့်ရှိ ဦးဆန်နီဆိုသည့် အမျိုးသားဖြစ်သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ကြားတဲ့ အခြေအနေအရ သူတို့ပြောတာ တားတာကို မရပ်ပေးလို့ ခြောက်ပစ် ပစ်တာမှာထိတယ်လို့ပြောတယ်။ ကားသမားသေသွားတယ်လို့ပြောတယ်။ စန္ဒာဝတ်ကျေးရွာက ဖရဲသီးပို့တဲ့ကားမောင်းနေသူပေါ့” ဟု တာဝန်ရှိသူက ပြောသည်။

ပြင်းဖြူသားရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး(ခ) ပြည်သူ့စစ်ခေါင်းဆောင် ဦးဇော်ဝမ်း၏ကား လာမည်ဆိုသည့် သတင်းရထားသဖြင့် သွားရောက်စောင့်ဆိုင်းစဉ် ဖရဲသီးတင်ပို့သည့်ကားကို စစ်ဆေးရန်တားသော်လည်း ရပ်မပေးသဖြင့် သရက်ချောင်းမြို့နယ် ပကဖအဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ယာဉ်ပေါ်ပါသူ အမျိုးသမီးနှစ်ဦးမှာမူ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းဖြစ်စဉ် ဖြစ်ပြီးနောက် ဇွန်လ ၂ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပြင်းဖြူသားရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဦးဇော်ဝမ်းနှင့် ဆရာမသုံးဦးလိုက်ပါလာသည့်ကား စုံစင်ဖျားရွာနှင့် ချောက်ချောင်းရွာကြားရှိ ၃၂ မိုင်အနီးမှာပင် မိုင်းဆွဲခံရသေးသည်ဟု ဦးဇော်ဝမ်းကပြောသည်။

သရက်ချောင်းမြို့မှ ကျောင်းသုံးစာအုပ်များထုတ်ပြီး အပြန်လမ်းတွင် မိုင်းဆွဲခံရခြင်းဖြစ်သော်လည်း မိုင်းမှာကြိုပေါက်သွားသဖြင့် ထိခိုက်မှုမရှိကြောင်း ၎င်းကဆိုသည်။

သို့သော် ယင်းဖြစ်စဉ်အပေါ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်မှုမရှိသလို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပေ။