မြိတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြို၊ ရပ်ကွက်အချို့ ရေကြီး

0
1583
ပုံစာ - ရန်ကင်းတောင် ရပ်တော်မူဘုရား ရင်ပြင် မြေထိန်းနံရံပြိုကျမှု။

မြိတ်မြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကြောင်း မြို့ခံတို့မှ သိရသည်။

ဇွန်လ ၁၀ ရက်နေ့ ညပိုင်းစတင်ကာ မိုးသည်းထန်စွာရွာသွားနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စားကာ ဇွန်လ ၁၁ရက် ညတွင် မြို့အဝင် ကျွဲကူး-ကျောက်ဖျာတံတားအနီး ရန်ကင်းတောင်ပေါ်ရှိ ရပ်တော်မှုဘုရားရင်ပြင်တွင် မြေထိန်းနံရံပြိုကျကြောင်း ကျွဲကူးရွာသားအချို့က ပြောသည်။

အဆိုပါ မြေထိန်းနံရံအုတ်တံတိုင်း အလျားပေ ၈၀၊ အနံ ၁၂ ပေခန့် ပြိုကျခဲ့ကြောင်း ကျွဲကူးရွာနေသူတစ်ဦးက ဆိုသည်။

ထို့အပြင် ပါရမီ ပေ ၆ဝလမ်း၊ ကန်ဖျားမြေနီလမ်းမကြီးတစ်လျှောက်၊ ရွှေပြည်တန် စသည့်ရပ်ကွက်တို့နှင့် မြေနိမ့်ပိုင်းရပ်ကွက်တို့ရှိ လမ်းများနှင့် နေအိမ်တို့အထိ ရေလွှမ်းခဲ့ကြောင်း ယင်းရပ်ကွက်နေသူတို့မှ သိရသည်။

“ညအိပ်နေရင်းနဲ့ ရေရောက်လာတာ။ ညဘက်ကြီးပဲ အခြားအိမ်ကို ပြောင်းအိပ်ခဲ့ရတာ။ ရေက အခုထိ လမ်းပေါ်က မကျသေဘူး။ ရေဆင်းပေါက်သိပ်မရှိတော့ ခြေသလုံးအထိ မြုပ်နေတုန်းပဲ။ အိမ်ကလည်း ရေဝင်နေတုန်းပဲ” ဟု ရွှေပြည်တန်ရပ်ကွက်နေသူတစ်ဦးမှ ယနေ့ ဇွန်လ ၁၂ ရက်တွင် ပြောသည်။

မြိတ်တွင် ယနေ့ ဇွန်လ ၁၂ ရက်နေ့အထိ မိုးအဆက်မပြတ် ရွာသွန်းဆဲဖြစ်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေပြီး ဇွန်လ ၁၃ ရက် နံနက်ပိုင်းအထိ တနင်္သာရီတိုင်းဒေသကြီးတွင် ရွာရန်ရွာနှုန်းအပြည့်ဖြင့် မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ညနေ ၄ နာရီက ထုတ်ပြန်ထားသည်။

ထို့အပြင် နောက် ၂ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် မိုးပိုနေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။