ရေးမြို့နယ်က ပျူစောထီးအဖွဲ့ဝင်ဟောင်းဆိုသူ ပစ်သတ်ခံရ

0
1475

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာမှ ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင်ဟောင်း ဦးပန်းရွှေ ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇွန်လ ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်ခန့်က အသက် ၄၉ နှစ်အရွယ် ဦးပန်းရွှေသည် ချောင်းတောင်ကျေးရွာ အကွက်အမှတ် ၄ ရှိ ဘိလိယက်ခုံမှ ထွက်လာစဥ် အမည်မသိသေနတ်သမားတို့က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးပန်ရွှေသည် ဦးခေါင်း၊ ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

“ဘိလိယက်ဆိုင်ကအထွက်မှာ ပစ်ခတ်ခံရတယ်။ ၄ ချက်လောက် ထိသွားတော့ ဖြစ်တဲ့နေရာမှာပဲ လဲကျသေဆုံးသွားခဲ့တယ်” ဟု ချောင်းတောင်ဒေသခံကတစ်ဦးက ပြောသည်။

ဦးပန်ရွှေသည် ချောင်းတောင်ကျေးရွာ ပြည်သူ့စစ် တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောသည်။

ဦးပန်ရွှေ ပစ်သတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဦးပန်ရွှေ၏ ရုပ်အလောင်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအသညီဖြင့် ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များအပြင် ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေးဆိုသူများကို ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိပြီး ဒေသခံများထိခိုက် သေဆုံးမှုလည်း ရှိခဲ့သည်။