တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1630

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန်လ ၄ ရက်မှ ၁ဝ ရက်အထိ

စာသင်ကျောင်းတွေ လေကြောင်းတိုက်ခိုက်ခံရ

ကျောင်းဖွင့်ကာလမှာ စာသင်ကျောင်းတွေ လေကြောင်းကနေတိုက်ခိုက်ခံရတာတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို ဇွန်လ ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။

ကျောင်းဖွင့်ဖို့ကိစ္စအတွက် ရွာလူကြီးတွေ စာသင်ကျောင်းမှာအစည်းအဝေးလုပ်နေချိန် အခုလို လာရောက်ပစ်ခတ်တာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ CNO Upper Chindwin Region – UCR က ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီး၊ စက်သေနတ်တွေနဲ့ ၅မိနစ်ကြာပစ်ခတ်ခဲ့ပြီး အဲဒီပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီးတော့ လေးဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။ စာသင်ကျောင်းလည်း ပျက်စီးခဲ့ပြီး ဒါဟာ စာသင်နေတဲ့ ကလေးတွေ ကျောင်းမတက်ရဲအောင် ခြိမ်းခြောက်တာလို့ UCR က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ် ပေါက်အင်းမြိုင်ရွာမှာလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မေလ ၃၁ရက်နေ့ မနက်ပိုင်းက ကျေးရွာစာသင်ကျောင်း လေကြောင်းကနေတိုက်ခိုက်တာခံခဲ့ရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးနှစ်ဦး ထိခိုက် ဒဏ်ရာရပြီး စာသင်ကျောင်းနဲ့ နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စာသင်ကျောင်းတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့လည်း AAPP က ဆိုပါတယ်။

……………………………………

မိုခါမုန်တိုင်းသင့်ပြည်သူတွေကို နိုင်ငံတကာအဖွဲ့တွေ သွားရောက်ကူညီခွင့်ပိတ်ပင်ခံရ

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ လူသားချင်းစာနာထောက်မှု အကူအညီပေးခွင့်ကို စစ်ကောင်စီက ဇွန်လ ၇ ရက်နေ့မှာ ပိတ်ပင်တားမြစ်လိုက်ပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်မှာ အကူအညီအထောက်အပံ့တွေပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသတွင်းက အရပ်ဖက်လူမှုရေးအဖွဲ့အစည်းတွေ မုန်တိုင်းဒဏ်သင့်ပြည်သူတွေဆီ ခရီးသွားရောက်ခွင့်ကို ပိတ်ပင်လိုက်တာပါ။

ဒီလိုပိတ်ပင်တာဟာ ရခိုင်ပြည်နယ်က ပြည်သူထောင်ပေါင်းများစွာဆီ အကူအညီတွေပေးပို့တာ ရပ်တန့်သွားရပြီး မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေရဲ့ အခြေအနေဟာလည်း ပိုမိုဆိုးရွားလာမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA က ဇွန်လ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

နေပြည်တော်ကနေ ပိတ်ပင်လိုက်တာလို့လည်း ဆိုပါတယ်။ မုတ်သုံဝင်လာပြီဖြစ်တာကြောင့် အကူအညီပေးရေးလုပ်ငန်းတွေကို အချိန်လုပြီး လုပ်နေရချိန်မှာ အခုလို ပိတ်ပင်ခံရတာလည်း ဖြစ်ပါတယ်။ 

ဒါဟာ မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါးခံစားခဲ့ရတဲ့ ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်တာလို့ ရခိုင်ဒေသခံတွေက ဝေဖန်နေကြပါတယ်။

……………………………………

ဆွေးနွေးပွဲအပြီး ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တိုက်ပွဲဖြစ်

တွေ့ဆုံဆွေးနွေးမှုရပ်တန့်သွားတဲ့ နေ့မှာပဲ ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပါတယ်။

တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းမှုကြောင့် ကိုးကန့် အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ဟာ မိုင်းလားမြို့မှာ ဇွန်လ ၁ ရက်နေ့က ဆွေးနွေးခဲ့ကြတာပါ။ သုံးရက်ကြာ ဆွေးနွေးပွဲဟာ ဆွေးနွေးမယ့်အကြောင်းအရာအပေါ် သဘောမတူကြတာကြောင့် ဒုတိယမြောက်ရက်မှာပဲ ရပ်တန့်သွားပါတယ်။

အဲဒီလို ရပ်တန့်သွားတဲ့ ဇွန်လ ၂ရက်နေ့မှာပဲ စစ်ကောင်စီတပ်က ကိုးကန့်တပ်မတော်ရဲ့ ယာယီတပ်စခန်းတစ်ခုကို စတင်ထိုးစစ်ဆင်လာတယ်လို့ MNDAA အာဘော်ရေးသားတဲ့ ကိုးကန့်သတင်းမီဒီယာမှာ ဖော်ပြပါတယ်။

ဇွန်လ ၆ရက်အထိ တိုက်ပွဲငါးရက်ဆက် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၂၀ ကျော် ထိခိုက်သေဆုံးပြီးတော့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ MNDAA ဘက်ကတော့ တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးပါဘူး။

……………………………………

ကရင်နီမှာ Starlink အင်တာနက် သုံးလို့ရပြီ

ကရင်နီ (ကယား) ပြည်နယ်မှာ အမေရိကန် ဘီလျံနာသူဌေးကြီး အီလွန်မက်စ် (Elon Musk) ရဲ့ Starlink အင်တာနက် စတင်အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။

ကရင်နီပြည်မှာ အခုလို အင်တာနက်သုံးခွင့်ရတာကြောင့် အီလွန်မက်စ်နဲ့ သူရဲ့ ကုမ္ပဏီကို ကျေးဇူးတင်ကြောင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ Free Burma Rangers (FBR) အဖွဲ့တည်ထောင်သူက သူရဲ့ တွစ်တာကနေ ပြောဆိုထားပါတယ်။

၇၃နှစ်ကြာ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှုကြောင့် တိုက်ခိုက်မှုတွေ အကြီးအကျယ်ဖြစ်နေပြီး လူသုံးသန်းလောက် ထွက်ပြေးနေကြရတဲ့လို့လည်း သူက ပြောပါတယ်။

ရွာပေါင်း သုံးသိန်းလောက် စီးနင်းခံရပြီး ရွာအချို့ ဗုံးကြဲခံနေတဲ့အကြောင်းလည်း ထည့်သွင်း ပြောဆိုထားပါတယ်။

ဂြိုဟ်တုနည်းပညာသုံး Starlink အင်တာနက်ဟာ အီလွန်မက်စ်ရဲ့ အမေရိကန်လေကြောင်းအာကာသ ကုမ္ပဏီ SpaceX က ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

ရုရှားကျူးကျော်တာ ခံရတဲ့ ယူကရိန်းမှာ Starlink အသုံးပြုခွင့်ပေးပြီးနောက် စစ်ကောင်စီက အင်တာနက်လိုင်းတွေကို ဖြတ်တောက်ကန့်သတ်နေတဲ့ မြန်မာနိုင်ငံမှာလည်း အသုံးပြုခွင့်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုဖူးပါတယ်။

……………………………………

မအူပင်မှာ ငလျင်ကြောင့် လူသေဆုံးပြီး စေတီတော်နဲ့ အဆောက်အအုံတချို့ ပြိုပျက်

ဧရာဝတီတိုင်း မအူပင်မြို့မှာ ငလျင်ကြောင့် သီလရှင်တစ်ပါးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ရွှေဘုန်းမြင့်စေတီတော်ရဲ့ ထီးတော် ကျိုးပြီးတော့တိမ်းညွတ်သွားပါတယ်။

ဇွန်လ ၇ရက်နေ့ ညနေပိုင်းက ညောင်တုန်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၅ မိုင်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်သွားတာပါ။

မအူပင်မြို့လယ်မှာရှိတဲ့ မိုးကုတ်ဝိပဿနာကျောင်းတိုက်က အဆောက်အအုံ မျက်နှာကြက် ကျောက်ပြားပြိုကျပြီး သီလရှင်တစ်ပါးနဲ့ ကျောင်းသို့ လာတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ငလျင်ကြောင့် ဘုန်းတော်ကြီးကျောင်း မုခ်ဦးပြိုကျတာ၊ မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမက အုတ်နံရံတွေ ပြိုကျတာတွေလည်း ဖြစ်ခဲ့ပါသေးတယ်။

……………………………………

ပုဂံက ဗူးဘုရား မိုးကြိုးထိမှန်

ပုဂံရှေးဟောင်းသမိုင်းဝင် ဗူးဘုရားစေတီတော် မိုးကြိုးထိမှန်ပြီး ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

ဇွန်လ ၆ရက်နေ့ မနက် ကိုးနာရီခွဲလောက်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်တာမှာ ပုဂံမြို့ဟောင်း ဧရာဝတီမြစ်ကမ်းစပ်မှာတည်ထားတဲ့ စေတီတော်ကိုပါ ထိမှန်ခဲ့တာပါ။

စေတီတော်ရဲ့ လုံးပတ်မှာ စက်ကွင်းထိမှန်ပြီး တစ်လက်မခွဲအရွယ် အပေါက်နှစ်ပေါက်ဖြစ်ပေါ်ခဲ့သလို ဇကောကွက်လို အရာ ထင်းတာတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် စိန်ဖူးတော်အောက်ခံ ကြာဖတ်ပဲ့သွားတာ၊ ငှက်ပျောဖူး ကြာဖတ်ထိပ်ပိုင်း ခြောက်လက်မလောက် ပဲ့သွားတာ၊ ထီးတော်ပတ်လည်မှာ ချိတ်ဆွဲထားတဲ့ ကြေးခေါင်းလောင်းတွေ မဲသွားတာတွေလည်း ဖြစ်ခဲ့ပါတယ်။

တစ်လက်မခွဲ အပေါက်နှစ်ပေါက်ကာ ရေဝင်နိုင်တာကြောင့် ပုဂံရှေးဟောင်းသုတေသနဌာနခွဲက အိန္ဒပညာရှင်တွေ အကြံပြုချက်တွေနဲ့ ပြုပြင်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက သူရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးသားထားပါတယ်။

၁၉၈၀-၉၀ ဝန်းကျင်က ပုဂံဘုရားတွေမှာ မိုးကြိုးလွဲစနစ်တွေ တပ်ဖူးပေမယ့် နောက်ပိုင်းမှာ ကြေးချောင်းတွေကို ဖြုတ်ရောင်းစားကြတယ်လို့ ရှေးဟောင်းသုတေသနပညာရှင် ဦးဇေမျိုးလင်းက သူရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးသားထားပါတယ်။

ရှေးသုဌာနကလည်း နောက်ပိုင်းမှာ မိုးကြိုးလွဲတွေ မတပ်တော့ဘူးလို့ ဆိုပါတယ်။

……………………………………

ချင်ပြည်နယ်မှာ ပြင်ပခရီးသည်ဝင်ခွင့် CNF တားမြစ်

ချင်းပြည်နယ်မှာ ဒေသခံချင်းပြည်သူတွေကလွဲပြီး ပြင်ပခရီးသည်တွေကို ဝင်ရောက်ခွင့် တားမြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က ဇွန်လ ၈ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်က ခရီးသွားပြည်သူတွေရဲ့ယာဉ်တွေကို အသုံးပြုပြီးတော့ အရပ်ဝတ်တွေနဲ့ ဝင်ရောက်ပြီး စစ်ရေးဆိုင်ရာ အင်အားဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အများပြည်သူခရီးသွားယာဉ်တွေမှာ လက်နက်ခဲယမ်းနဲ့ စစ်ဖက်ဆိုင်ရာပစ္စည်းတွေတင်တာကို တားမြစ်လိုက်သလို ချင်းပြည်နယ် ပြင်ပက ခရီးသည်တွေ ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်လာတာပါ။

ချင်းပြည်နယ်ကိုလာဖို့ အရေးကြီးကိစ္စရှိရင် ချင်းပြည်ကာကွယ်ရေးတပ် CDF နဲ့ PDF တွေရဲ့ထောက်ခံစာနဲ့ သွားလာရမယ်လို့ ထုတ်ပြန်ထားပါတယ်။

တားမြစ်ချက်တွေကို ချိုးဖောက်ရင် ပြင်းထန်စွာ အရေးယူမယ်လို့လည်း ဆိုပါတယ်။

……………………………………

အဆိုတော်လီလီနိုင်ကျော်ကို သတ်တယ်လို့စွပ်စွဲခံရသူရဲ့ မိသားစုဝင်တွေ အသတ်ခံရ

စစ်ကောင်စီထောက်ခံသူဖြစ်တဲ့ အဆိုတော်လီလီနိုင်ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံရသူရဲ့ မိခင်နဲ့ ဝမ်းကွဲအစ်မဖြစ်သူတို့ အသတ်ခံလိုက်ရပါတယ်။

စစ်ကောင်စီဝါဒဖြန့် ဇာတ်ကားတချို့မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို စစ်ကောင်စီ အခမ်းအနားတွေကို တက်ရောက်လေ့ရှိတဲ့ အဆိုတော်လီလီနိုင်ကျော်ဟာ မေလ ၃ဝရက်က ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှာရှိတဲ့ သူရဲ့ နေအိမ်နားက ကားပေါ်မှာ ပစ်ခတ်ခံရတဲ့ ဒဏ်ရာနဲ့ ဇွန်လ ၆ရက်မှာ သေဆုံးခဲ့ပါတယ်။

အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူနှစ်ဦးကို ဖမ်းမိတယ်ဆိုပြီး ဇွန်လ ၆ရက်နေ့မှာပဲ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။ Special Task Force (STF) အဖွဲ့ဝင် အသက် ၂၃ နှစ်အရွယ် ကိုကောင်းဇာနည်ဟိန်း (ခေါ်) လပြည့်နဲ့ အသက် ၃၀ အရွယ် ကိုကျော်သူရ (ခေါ်) အီးတီတို့ဖြစ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့နေ့မှာပဲ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှာရှိတဲ့ ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့ ဝမ်းကွဲ အစ်မတော်စပ်သူတို့ဟာ နေအိမ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ နှစ်ဦးစလုံးက မူကြိုဆရာမတွေ ဖြစ်ပါတယ်။

လီလီနိုင်ကျော် သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ လက်စားချေဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာ ရေးသားကြသလို အာဏာသိမ်းမှုဆန့်ကျင်ရာမှာ ထင်ရှားသူတွေရဲ့ မိသားစုဝင်တွေကိုပါ ဖော်ထုတ်ဖို့ လှုံ့ဆော်မှုတွေလည်း ရှိခဲ့ပါတယ်။

အဲဒီလို လှုံ့ေဆော်နေချိန်မှာပဲ ဇွန်လ ၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ ဦးသန်းမြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါသေးတယ်။

……………………………………