ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1632

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင် ငြိမ်နေရာမှ ရုတ်တရက်ထိုးတက်သွားသည်။

ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းဖြင့် ဈေးဖွင့်ထားပြီး ဓာတ်ဆီဈေးမှာ ဖြည်းဖြည်းချင်း တက်လာသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ရုတ်တရက်တက်လာသည့် ရွှေဈေး

အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သိန်းသုံးဆယ်စွန်းစွန်းဖြင့် ဆက်တိုက်ငြိမ်နေရာမှ သောကြာနေ့(ဇွန်လ ၉ရက်)တွင် ရုတ်တရက် တက်လာသည်။

တစ်ကျပ်သားလျှင် သိန်းသုံးဆယ်ငါးသောင်းဝန်းကျင်ဖြင့် ငြိမ်နေရာမှ သုံးဆယ့်တစ်သိန်းနီးပါးအထိ တက်လာခြင်းဖြစ်သည်။

ဇွန်လ ၉ ရက်နေ့ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ တစ်ကျပ်သားလျှင် သိန်းသုံးဆယ်ကိုးသောင်းဖြင့် ရောင်းချနေသည်။

ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းနည်းသာ ရှိခဲ့သည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၄ ကျပ်ဝန်းကျင်ရှိခဲ့ပြီး နောင်ရက်များတွင် ပြားဂဏန်း တက်လာခဲ့သည်။

ယခုအပတ် သောကြာတွင် တစ်ဘတ်လျှင် ၈၅ ကျပ်နီးပါး ပေါက်ဈေးရှိနေပြီး ထိုင်းငွေ ၁၁၇၇  ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

တရွေ့ရွေ့တက်လာသည့် ဓာတ်ဆီဈေး

တနင်္သာရီတိုင်းအတွင်း ဓာတ်ဆီဈေးမှာ တရွေ့ရွေ့ ပြန်တက်လာသည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၁၉၉၅ ကျပ် မှ ၂၁၀၅ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၃၀ ကျပ်မှ  ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ရွှေဈေးမှာ လာမည့်အပတ်တွင် အနည်းငယ်ပြန်ကျလာနိုင်သော်လည်း ကြီးမားသည့်အပြောင်းအလဲမရှိနိုင်ပေ။

ဇွန်လ ၇ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၉၄၅ ဒေါ်လာအထိ ကျဆင်းသွားပြီး အခုရက်ပိုင်းအတွင်း ပြန်တက်လာသည်။

ဇွန်လ ၁၀ ရက်နေ့တွင် ဖွင့်ထားသည့်နှုန်းထားအရ တစ်အောင်စလျှင် ၁၉၆၁ ဒေါ်လာရှိသည်။

အလှုပ်အခတ်များနေသည့် ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းမငြိမ်သက်မှုများကြောင့် ရွှေဈေးမှာ ကြီးကြီးမားမားကျလာနိုင်မည့် အရိပ်အယောင်မတွေ့ရပေ။

ထိုင်းဘတ်ဈေးမှာ လက်ရှိနှုန်းထားအတိုင်းပင်် အတက်အကျနည်းနည်းဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။

နယ်စပ်ကုန်သွယ်ရေးအချို့ ရပ်တန့်နေမှုနှင့် ပဋိပက္ခအခြေအနေများကြောင့် ထိုင်းငွေဈေးမှာ ကြီးမားသည့်အပြောင်းအလဲ မရှိနိုင်ကြောင်း သုံးသပ်ရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ ကျရိပ်ပြနေပြီး ဒေါ်လာငွေလဲနှုန်းမှာ ဈေးအမြင့်တွင် ငြိမ်နေသည်။

ကမ္ဘာ့နိုင်ငံကြီးများအကြား အားပြိုင်မှုများနှင့် ယူကရိန်း-ရုရှားစစ်ပွဲကြောင့် စက်သုံးဆီဈေးမှာ မတည်မငြိမ်ဆက်ဖြစ်နေမည်ဖြစ်သည်။

ထိုကြောင့် လာမည့်အပတ် စက်သုံးဆီဈေးမှာ တစ်လီတာလျှင် ကျပ်နှစ်ထောင်အထက်တွင် ဆက်ရှိနေမည်ဖြစ်ကြောင်း သုံးသပ်ရသည်။