ကလိန်အောင်က ပတ္တမြားငမောက်သရက်သီး အထွက်နည်း

0
1444

ရေဖြူမြို့နယ် ကလိန်အောင်မြို့ ဒေသထွက် ပတ္တမြားငမောက်သရက်သီးမှာ ယခင်နှစ်ကထက် ယခုနှစ်အထွက်နည်းကြောင်း ကလိန်အောင်မြို့ခံ တောင်သူအချို့ထံမှ သိရသည်။

ယမန်နှစ်က အပင်ရေ ၁၀၀၀ ရှိ သရက်ခြံတစ်ခြံတွင် ရောင်တန်းဝင်အသီး ၆၀၀၀ ခန့်ရရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ၁၀၀၀ လောက်သာရရှိကြောင်း ၎င်းတို့ကပြောသည်။

“အခုနှစ်က သရက်ပန်းတွေ ပွင့်တုန်းကတော့ အများကြီးပဲ။ ပန်းပွင့်နေတုန်း မိုးတစ်ကြိမ်မိသွားတော့ ပန်းတွေ အများကြီးကြွေသွားလို့ ဒီနှစ်အသီးအထွက်နှုန်းက နည်းသွားတာ” ဟု ကလိန်အောင်မြို့မှ ပတ္တမြားငမောက်သရက်သီး ဥယျာဥ်ခြံ ပိုင်ရှင်တစ်ဦးက ပြောသည်။

သို့သော် ခြံတိုင်းအသီးအထွက်နည်းပါးသဖြင့်အဆိုပါ ပတ္တမြားငမောက်သီးမှာ ဈေးကောင်းလျက်ရှိကြောင်း တောင်သူတို့က ပြောဆိုသည်။

ယခင်နှစ်က လက်ကားစျေး သရက်သီးတစ်လုံး လျှင် ၉၀၀ နှင့် ၁၀၀၀ ကျပ်ဝန်းကျင်သာရရှိခဲ့ပြီး ယခုနှစ်တွင်မူ တစ်လုံးလျှင် ၁၂၀၀ နှင့် ၁၃၀၀ ကျပ် ဝန်းကျင်အထိ ဈေးပိုရရှိသည်ဟုဆိုသည်။

လက်ရှိတွင်မူ အရည်အသွေး စမ်းသပ်ဆဲ ဖြစ်သောကြောင့် ထားဝယ်ဒေသအတွင်းသာ အဓိကထား ဖြန့်ချိရောင်းချနေကြသည်။

ပတ္တမြားငမောက်သရက်မျိုးစေ့ကို မန္တလေးမြို့မှတစ်ဆင့် ကိုင်းကူးနည်းဖြင့် ကလိန်အောင်မြို့နယ်တွင် ၂၀၁၉ ခုနှစ်က စတင်စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ကလိန်အောင်မြို့ ၌ အပင် ၁၀၀၀ ကျော် စိုက်ပျိုးထားသည့်ခြံ ၃ ခြံ နှင့် ရေဖြူမြို့နယ် မိုင် ၃၀ ရွာတွင် တစ်ခြံ စုစုပေါင်း ၄ ခြံရှိနေပြီဖြစ်သည်။

ပတ္တမြားငမောက် သရက်သည် ရာသီမရွေး စိုက်ပျိုးနိုင်သည့် အပင်ဖြစ်သည်။

စတင်စိုက်ပျိုးစဉ်က မန္တလေးတိုင်းမှ မျိုးယူခဲ့ရသော်လည်း ယခုကိုင်းကူးပျိုးပင်ကို ဒေသတွင်းရောင်းချ သူများရှိလာခဲ့ပြီဖြစ်သည်။

သို့သော်လည်း ကိုဗစ်ကပ်ရောဂါ နှင့်နိုင်ငံရေးအခြေအနေများကြောင့် စီးပွားရေးအခက်အခဲများရှိသဖြင့် ထားဝယ်ဒေသတွင် ပတ္တမြားငမောက်သရက် ကိုင်းကူးအပင် ဝယ်ယူစိုက်ပျိုးသူ နည်းပါးနေဆဲဖြစ်သည်ဟု ကိုင်းကူအပင် ရောင်းချသူတို့ကပြောသည်။

ပတ္တမားငမောက်သရက်သီးကို နှစ်စဥ် မေလတွင် စတင်၍ ရောင်းတန်းဝင်အသီးများကို ခူးဆွတ်ကာစျေးကွက်သို့ ဖြန့်ချိရောင်းချရပြီး ဇွန်လအထိ ခူးဆွတ်ရောင်းချရလေ့ရှိသည်။