တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1627

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန်လ ၃ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ

ကနေဒါတောမီးကြောင့် ကနေဒါနဲ့ အမေရိကန်မှာ လေထုညစ်ညမ်းနေ

ကနေဒါနိုင်ငံ အရှေ့ပိုင်းမှာ ရာနဲ့ချီတဲ့ တောမီးတွေ အကြီးအကျယ်လောင်နေလို့ အဲဒီကနေထွက်လာတဲ့ မီးခိုးငွေ့တွေဟာ အမေရိကန်နိုင်ငံလေထုကိုပါ ထိခိုက်နေပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နယူးအင်္ဂလန်ပြည်နယ်ကနေ တောင်ကယ်ရိုလိုင်းနား ပြည်နယ်အထိ အရှေ့ဘက်ကမ်းရိုးတန်း တစ်လျှောက် လေထုအခြေအနေဆိုးဝါးနေတာပါ။

ဒါ့အပြင် အိုဟိုင်းယိုးပြည်နယ်၊ အင်ဒီယားနားနဲ့ မစ်ရှီဂန်အပါအဝင် အနောက်အလယ်ပိုင်းဒေသတွေမှာလည်း လေထုအရည်အသွေးသတိပေးချက်ကို ထပ်တိုး ကြေညာထားပါတယ်။

ဒီအခြေအနေဟာ သီတင်းပတ်ကုန်အထိ ဆက်ဖြစ်နေဖွယ်ရှိနေတာပါ။

ကနေဒါဘက်ခြမ်းမှာတော့ တောမီးက ဆက်လောင်နေလို့ ငြှိမ်းသတ်နိုင်ဖို့ကို ကမ္ဘာတဝန်း မိတ်ဆွေနိုင်ငံတွေကန ဝိုင်းပြီးကူညီပေးကြဖို့ ကတိပြုထားကြပါတယ်။

အရင်လကတည်းက စတင်ခဲ့တဲ့ ဒီတောမီးလောင်ကျွမ်းမှုကြောင့် ဟက်တာ ၄ ဒသမ ၄ သန်း (ဧက နဲ့ဆိုရင် ၁၀ ဒသမ ၆ သန်း) လောက်အထိ လောင်ကျွမ်းခဲ့ပြီးဖြစ်ပါတယ်။

Ref: REUTERS

………………………………..

ဒေးဗစ်ဘက်ခမ်းပိုင် အင်တာမိုင်ယာမီအသင်းကို မက်ဆီး ပြောင်းကစားတော့မယ်

အာဂျင်တီးနားက ကမ္ဘာကျော်ဘောလုံးသမား Lionel Messi က ဒေဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အမေရိကန် မေဂျာလိဂ်က အင်တာမိုင်ယာမီအသင်းကို ပြောင်းဖို့ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

သူဟာ ဘာစီလိုနာမဟုတ်တဲ့ တခြားဥရောပအသင်းမှာ ထပ်မကစားချင်တာကြောင့်လို့ ဆိုထားပါတယ်။

မက်ဆီဟာ PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ပြီးတဲ့နောက် အခုလို အပြောင်းအရွှေ့တစ်ခု ဖြစ်လာခဲ့တာပါ။

မက်ဆီ အခုလို မေဂျာလိဂ်ကို ပြောင်းလိုက်တဲ့အတွက် အမေရိကန်ဘောလုံးလောကအတွက်တော့ အကျိုးအမြတ်တစ်ခု ဖြစ်စေခဲ့ပါတယ်။

မက်ဆီကို ဆော်ဒီအာရေဗျနိုင်ငံ Al-Hilal အသင်းက တနှစ်ကို ဒေါ်လာ သန်း ၄၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် သူက ဒါကို ငြင်းပယ်ပြီး မေဂျာလိဂ်ကို ပြောင်းခဲ့တာဖြစ်ပါတယ်။

Ref: CNN

………………………………..

ကိုးရီးယားတွင် လူသတ်မှုကို စူးစမ်းလိုစိတ်ဖြင့် အမျိုးသမီးတစ်ဦး လူသတ်မှုကို ကျူးလွန်

လူသတ်မှုကို ပုံဖော်ထားတဲ့ တီဗီရှိုးတွေနဲ့ စာအုပ်တွေအပေါ် စွဲလမ်းလွန်းတဲ့ အသက် ၂၃ နှစ်အရွယ် ကိုးရီးယားအမျိုးသမီးတစ်ဦးကနေ စူးစမ်းလိုစိတ်နဲ့ ဆရာမတစ်ဦးကို သတ်ပစ်ခဲ့ပါတယ်။

ကျူးလွန်သူက ဂျွန်ယိုဂျွန်ဆိုတဲ့ ကောင်မလေးဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဖြစ်သွားခဲ့တာပါ။

သူမကိုတော့ ဘူဆန်မှာဖမ်းဆီးရမိပြီး လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။

ဂျွန်ယိုဂျွန်က ကျူတာဆရာမကို ရည်ရွယ်ချက်ရှိရှိ သတ်ပြီး အပိုင်းပိုင်းဖြတ်တောက်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။

လူသတ်မှုကျူးလွန်ခဲ့သူ ဂျွန်ယိုဂျွန်က ကျူတာဆရာမကို အွန်လိုင်းမှာ ရှာတွေ့ခဲ့တာပါ။

အစပိုင်းမှာ သူက ကိုးတန်းကျောင်းသူရဲ့မိခင်အဖြစ် ဟန်ဆောင်ပြီး သူ့သမီးအတွက် အင်္ဂလိပ်စာသင်ပေးဖို့ သီးသန့်ကျူရှင်ဆရာမရှာတဲ့ပုံစံမျိုးလုပ်ခဲ့ပါတယ်။

လူသတ်မယ့်နေ့မှာ အွန်လိုင်းက ဝယ်ယူခဲ့တဲ့ ကျောင်းဝတ်စုံကို ဝတ်ပြီး ကျူတာဆရာမရဲ့အိမ်ကို သွားခဲ့တယ်။

ဆရာမက သူ့ကို ကျောင်းသူလို့ထင်ခဲ့တာကြောင့် အိမ်တံခါးကို ဖွင့်ပေးတဲ့အချိန် ဂျွန်က ဓားနဲ့ ဆရာမကို ထိုးသတ်ခဲ့တာပါ။

ဆရာမကို သတ်ပြီးတော့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ပြီး အမှိုက်အိတ်တွေထဲထည့် ခရီးဆောင်အိတ်နဲ့သယ်ကာ နန်ဒုံးမြစ်ကမ်းနားက တောထဲ ထားပစ်ခဲ့ပါတယ်။

Ref: The Chosunilbo

………………………………..

၁၃ နှစ်အရွယ် ကျောင်းသူက မိဘများ၏ ဒေါ်လာ ၆၀၀၀၀ ကျော်ကို မိုဘိုင်းဂိမ်းဆော့သုံးဖြုန်းထား

တရုတ်နိုင်ငံမှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်က ဂိမ်းတွေ ဝယ်ဆော့ရင်း မိဘတွေ စုထားတဲ့ ဒေါ်လာ ၆၃၀၀၀ ကျော်ကို မိုဘိုင်းဖုန်းက ဂိမ်းတွေဝယ်ဆော့ရင်း သုံးဖြုန်းပစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ နေထိုင်တဲ့ ကျောင်းသူလေးဟာ ဂိမ်းစွဲလမ်းနေသူဖြစ်ပြီး သူ့အမေရဲ့ ဘဏ်အကောင့်ထဲကနေ ဂိမ်းတွေ ဝယ်ဆော့တာ ဂိမ်းထဲမှာ ပစ္စည်းတွေ ဝယ်တာမျိုး လုပ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း သူမဟာ ဖုန်းထဲက ငွေစာရင်းမှတ်တမ်းတွေကို ဖျက်ပစ်ပြီး သူ့အမေ မသိအောင် ဖုံးကွယ်ခဲ့တာပါ။

သူ့အတွက် ဂိမ်းဝယ်ယူရာကနေ ယွမ် ၃၃၀၀၀၀ သုံးစွဲခဲ့ပြီး အတန်းဖော်တွေကို ယွမ် ၁၀၀၀၀၀ ဖိုး ဂိမ်းတွေဝယ်ပေးခဲ့ပါတယ်။

ကျောင်းသူလေး ဂိမ်းစွဲနေတဲ့အကြောင်းကို သူ့ဆရာက မိဘတွေထံ လာပြောမှပဲ သိခဲ့ကြတာပါ။

သမီးဖြစ်သူက ဂိမ်းတွေ ဝယ်ဆော့တယ်ဆိုတာကို မသင်္ကာလို့ ဘဏ်အကောင့်ကို စစ်ဆေးကြည့်တော့မှ ယွမ် ၄၄၉၅၀၀ (အမေရိကန်ဒေါ်လာ ၆၃၀၀၀) ထည့်ထားတဲ့ ဘဏ်အကောင့်ထဲမှာ ဝ ဒသမ ၅ ယွမ်ပဲ ကျန်နေတာ တွေ့ရပါတယ်။

Ref: Oddity Central

………………………………..

ဘင်္ဂလားဒေ့ရှ်တွင် နှစ် ၅၀ အတွင်း အပူချိန်အမြင့်ဆုံး ရင်ဆိုင်နေရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်ပေါင်း ၅၀ အတွင်း အပြင်းထန်ဆုံး အပူလှိုင်းဖြတ်တဲ့ဒဏ်ကြောင့် စာသင်ကျောင်း ထောင်ပေါင်းများစွာကို ပိတ်ထားခဲ့ရပါတယ်။

တော်တော်များများမှာ လျှပ်ဓာတ်အားပြတ်တောက်နေကြတာလည်း တွေ့ရပါတယ်။

မြို့တော် ဒါကာမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့တဲ့အတွက် ဒေသခံတွေက အပူဒဏ်ကို အလူးအလဲခံနေကြရတာပါ။

ဘင်္ဂလားဒေ့ရှ်မှာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ဒီလောက်ပူတဲ့ အပူလှိုင်းမျိုး တစ်ခါမှ မတွေ့ဖူးဘူးလို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက အကြီးတန်းအရာရှိက ပြောကြားထားပါတယ်။

လေအေးပေးစက်နဲ့ ပန်ကာတွေရဲ့ ဝယ်လိုအား များလာပြီး အစိုးရက မူလတန်း အလယ်တန်းကျောင်း ထောင်ပေါင်းများစွာကို ပိတ်ပစ်ခဲ့ရပါတယ်။

Ref: The Thaiger

………………………………..

Apple ကနေ Vision Pro headset ကို စတင်မိတ်ဆက်

Apple က Vision Pro headset ကို စတင်မိတ်ဆက်လိုက်ပါတယ်။

Vision Pro headset က လက်တွေ့ကမ္ဘာနဲ့ ပုံရိပ်ယောင်ကမ္ဘာကို သေသပ်စွာ ပေါင်းစပ်ပေးပြီး ဒီဂျစ်တယ်အကြောင်းအရာတွေကို ကိုယ့်ဘေးနားမှာ ဖြစ်ပျက်နေတဲ့အရာတွေလို တွေ့မြင်ခံစားရမယ်လို့ Apple ကဆိုထားပါတယ်။

Vision Pro headset ဟာ ဘက်ထရီထည့်သွင်းပါရှိပြီး အမေရိကန်ဒေါ်လာ ၃၄၉၉ ကျသင့်မှာဖြစ်ပါတယ်။

ဒါကတော့ ဈေးကွက်ထဲက တခြားပစ္စည်းတွေနဲ့ယှဉ်ရင် တော်တော်လေး ဈေးများပါတယ်။

Vision Pro headset ကို လာမယ့်နှစ်ကစပြီး စတင်ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။

Ref: XDA

………………………………..

ယူကရိန်းမှာ ရုရှားသိမ်းပိုက်ထားတဲ့ နယ်ထဲက ရေကာတာပေါက်

ယူကရိန်းနိုင်ငံ Kherson ဒေသမှာ ဇွန်လ ၆ ရက်နေ့က Kakhovka ရေကာတာ ပေါက်ကွဲသွားတဲ့အတွက် အနီးနားကမြို့တွေပေါ် ရေကြီးရေလျှံဖြစ်ပြီး ဒေသခံတွေ သွားလာရေးခက်ခဲကုန်ပါတယ်။

ရုရှား သိမ်းပိုက်ထားတဲ့ နယ်အတွင်းက ရေကာတာတစ်ခု ပေါက်ကွဲ ကျိုးသွားတာပါ။

ဒါကြောင့် Dnipro မြစ်တလျှောက်က လူပေါင်း ၂၄၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ကြရပါတယ်။

ယူကရိန်းအောက်မှာ ရှိနေတဲ့ မြို့ရွာပေါင်း ၄၀ လောက်က ရေလွှမ်းမိုးနေပါတယ်။

ရုရှားလက်အောက်က နယ်တွေလည်း ရေလွှမ်းမိုးနေပြီး ခရိုင်သုံးခရိုင်ကို ရွှေ့ပြောင်းမယ်လို့ ရုရှား တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ က ဆိုထားပါတယ်။

ရေကာတာကျိုးပေါက်မှုကိုတော့ နှစ်နိုင်ငံ အပြန်အလှန်စွပ်စွဲထားကြပါတယ်။

Ref: Aljazeera

………………………………..

အသံထက်မြန်သည့် ဒုံးကျည်ကို အီရန် ပြသ

အီရန်နိုင်ငံဟာ အသံထက် ၁၅ ဆ မြန်တဲ့ အမြန်နှုန်းနဲ့ အကွာအဝေး ၁၄၀၀ ကီလိုမီတာအထိ ပျံသန်းနိုင်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည် အမျိုးအစား တခုကို ဇွန်လ ၆ ရက်နေ့က ထုတ်ပြလိုက်ပါတယ်။

အခု ဒုံးကျည်က ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်တွေ အပါအဝင် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အားလုံးကို ကျော်ဖြတ် နိုင်တယ်လို့ အီရန်စစ်တပ်က ဆိုထားပါတယ်။

ဒါပေမယ့် ဒါ ဘယ်လောက် မှန်မလဲ ဆိုတာတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

“ဖာတာ” လို့ အမည်ပေးထားတဲ့ ဒီဒုံးကျည်မိတ်ဆက်ပွဲကို အီရန် သမ္မတ အီဘရာဟင် ရိုင်စီ (Ebrahim Raisi) ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ဒုံးကျည်အသစ် အကြောင်းကိုလည်း အရင် ရက်တွေကတည်းက ကြော်ငြာတာတွေ လုပ်ခဲ့သလို ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ခဲ့တာပါ။

Ref: REUTERS

………………………………..

အီဂျစ်အပန်း‌ဖြေစခန်းတွင် ရုရှားအမျိုးသား ၁ ဦး ငါးမန်းကိုက်ခံရပြီး သေဆုံး

အီဂျစ်ပင်လယ်နီအပန်းဖြေစခန်းတခုမှာ ငါးမန်းတကောင်ရဲ့ ကိုက်ခံရမှုကြောင့် ရုရှားအမျိုးသားတဦး သေဆုံးခဲ့ပါတယ်။

ဟူဂါဒါမြို့အနီးက ရေပြင်မှာ ကျားငါးမန်း တိုက်ခိုက်ခံရပြီးနောက် ထိုအမျိုးသားဟာ ဇွန် ၈ ရက်နေ့က သေဆုံးသွားခဲ့တာပါ။

အာဏာပိုင်တွေက အဆိုပါကမ်းရိုးတန်းရဲ့ လမ်းပိုင်းကို ပိတ်ထားပြီး ဇွန် ၁၁ ရက်အထိ ကန့်သတ်ချက်တွေကို ဆက်လက်ထားရှိမယ်လို့ ကြေညာထားပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာတဲ့ ရေငုပ်သမားတဦးက အနီးနားမှာရှိတဲ့ ဟိုတယ်တခုက အသက်ကယ်အစောင့်တဦးကို အချက်ပေးခဲ့ပါတယ်။

အကိုက်ခံရသူကို အမြန်လာရောက်ကူညီခဲ့ကြပေမဲ့ အချိန်မီ ရောက်လာခဲ့ခြင်း မရှိဘူးလို့ ဆိုထားပါတယ်။

Ref: Aljazeera

………………………………..

မဲအရေအတွက် မကိုက်ညီဟုဆိုကာ မဲဆန္ဒနယ် ၄၇ ခုတွင် မဲပြန်ရေတွက်ဖို့ ထိုင်းရွေးကော် ညွှန်ကြား

မဲဆန္ဒရှင်တွေရဲ့ မဲရလဒ်နဲ့ စုစုပေါင်းမဲပြားအရေအတွက် မကိုက်ညီလို့ဆိုပြီး မဲဆန္ဒနယ် ၄၇ နေရာမှာရှိတဲ့ မဲရုံတွေကို ပြန်ရေတွက်ဖို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားလိုက်ပါတယ်။

မဲပြန်လည်ရေတွက်တာကို ဇွန်လ ၁၁ ရက်နေ့မှာ စတင်ဖို့ ပြင်ဆင်နေကြတာပါ။

အနိုင်ရပါတီတွေရဲ့ ရလဒ်ကိုတော့ ဇွန်လထဲမှာပဲ့ ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ပြန်လည်ရေတွက်မဲ့ ခရိုင် ၁၆ ခရိုင်ထဲမှာ Move Forward ပါတီက နေရာအများဆုံးအနိုင်ရရှိထားတဲ့ မြို့တော်ဘန်ကောက်က ၆ နေရာအထိ ပါဝင်နေပါတယ်။

အသစ်ပြန်ရေတွက်မယ့်မဲရလဒ်က အချိုးကျခွဲဝေပေးတဲ့ ပါတီလစ်အမတ်နေရာအပေါ် သက်ရောက်မှုတွေရှိလာမှာ ဖြစ်ပါတယ်။

Ref: Thai PBS World

………………………………..