၁၇ နှစ်အတွင်း ယူရိုပါလိဂ်ချန်ပီယံဆုကို ၇ ကြိမ်မြောက် ရယူပြီး ချန်ပီယံလိဂ်ပါဝင်ကစားခွင့်ကို ဆီဗီလာ ရယူ

0
1219
Photo - Reuters

ဟန်ဂေရီနိုင်ငံရှိ ပွတ်ရှ်ကပ်စ်ဘောလုံးကွင်းကြီးတွင် ကျင်းပခဲ့သော ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်တွင် ယူရိုပါလိဂ်ပြိုင်ပွဲ၌ အစဉ်အလာမှတ်တမ်းကောင်းများရှိသော စပိန်လာလီဂါကလပ် ဆီဗီလာက အီတလီစီးရီးအေကလပ် ရိုးမားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဖြစ်သွားခဲ့ကြောင်း သိရှိရသည်။

ရိုးမားသည် တိုက်စစ်မှူး ဒိုင်ဘာလာ၏သွင်းဂိုးနှင့် ဆီဗီလာကို ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲကစားချိန် ၅၅ မိနစ်တွင် မန်စီနီက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခြင်းကြောင့် ချေပဂိုးပြန်ပေးလိုက်ရကာ သာမန် ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးချိန်၌ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်သွားခဲ့ရသည်။

အချိန်ပို မိနစ် ၃၀ ယှဉ်ပြိုင်ရာတွင်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး ယင်းသို့ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာတွင် ဆီဗီလာက ရိုးမားကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည်။

ဆီဗီလာသည် ၁၇ နှစ်တာကာလအတွင်း ယူရိုပါလိဂ်ဆုဖလားကို သတ္တမအကြိမ်မြောက် ဆွတ်ခူးရရှိခြင်းဖြစ်ပြီး ယခုကဲ့သို့ ချန်ပီယံဖြစ်လိုက်သည့်အတွက် ရှေ့လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ဆီဗီလာက ရရှိသွားခဲ့ပြီဖြစ်သည်။

ဆီဗီလာသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်သို့ ၇ ကြိမ် တက်ရောက်နိုင်ခဲ့ရာ၌ ၇ ကြိမ်လုံး ချန်ပီယံဖြစ်သည့် မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီး ရိုးမားနည်းပြ မော်ရင်ညို၏မှတ်တမ်းကောင်းတစ်ခုကမူ ယခုဗိုလ်လုပွဲအပြီးတွင် ပျက်စီးသွားခဲ့ရသည်။

မော်ရင်ညိုသည် ၎င်း ဦးဆောင်သောအသင်းများကို ဥရောပအဆင့်ပြိုင်ပွဲများ၌ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်စေရန် ယခုအပါအဝင် ၆ ကြိမ် ဦးဆောင်နိုင်ခဲ့ဖူးပြီး ယခုမတိုင်မီ၌ ၎င်းဦးဆောင်သောအသင်းများကို ဗိုလ်လုပွဲ၌ ချန်ပီယံဖြစ်စေရန် မော်ရင်ညိုက ဦးဆောင်နိုင်ခဲ့ဖူးသည်။