ဘုတ်ပြင်းမှ လူနာတစ်ဦး ကိုဗစ်ပိုးတွေ့၍ မြိတ်ဆေးရုံကြီးသို့လွှဲပြောင်း

0
1309

ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့မှ လူနာအမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် မေလ ၃၁ ရက် ညပိုင်းအချိန်က မြိတ်ပြည်သူ့ဆေးရုံကြီးအား လွှဲပြောင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် ၂၀ နှစ်ရှိ အမျိုးသားသည် လေညာရွာနေသူဖြစ်ပြီး အမောဖောက်သဖြင့် မေလ ၃၀ ရက်နေ့က ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဆေးရုံသို့ တင်ပို့ခဲ့ရာ ကိုဗစ်ပိုး‌တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ခံတစ်ဦးက ပြောပြသည်။

“လူနာက အမောဖောက်ရောဂါအခံရှိတဲ့သူပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ ကိုဗစ်ပိုးတွေ့သူသည် မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ဧပြီလ ၁၉ ရက်မှ မေလ ၃၁ ရက်‌နေ့အထိ ကိုဗစ်ရောဂါပိုးတွေ့သူ တစ်ရာနှစ်ဆယ်ကျော်ရှိကြောင်း တိုင်းကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည်။

၎င်းတို့အနက် ထားဝယ်ခရိုင်မှ အမျိုးသမီးနှစ်‌ဦးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရပြီးဖြစ်သည်။

လက်ရှိ မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်လူနာတစ်ဦးသာရှိကြောင်း နာရေးကူညီမှုအသင်းများမှ သိရသည်။