ပုလော နန်းပရုပ်ရွာအနီး တိုက်ပွဲဖြစ်

0
1180

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာအနီး မေလ ၃၀ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်ထံမှ သိရသည်။

နန်းပရုပ်ရွာအနီး ကင်းပုန်းဝပ်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) တပ်ရင်းတို့ မိနစ် ၃၀ အကြာ တိုက်ပွဲဖြစ်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁) တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က ညနေ ၅ နာရီအထိ လက်နက်ကြီးဖြင့် အများအပြား ပစ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကမူ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ပုလောမြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာသဖြင့် ပုလော မြို့နယ် အတွင်းရှိ မိဘပြည်သူများအနေဖြင့် လုံခြုံရေးသတိအမြဲရှိရန်၊ စစ်ရေးသတင်းကို အမြဲနားစွင့်ထားရန်၊ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ဒေသခံများကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းများ ဆက်သွယ်၍ မရသေးပေ။

နန်းပရုပ်ရွာအနီးတွင် မေလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရသေးသည်။