ဥတ္တူရွာက နေအိမ်နှစ်လုံးမီးရှို့ခံရ

0
1559

သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့သွားကြောင်း ဒေသခံအချို့က ပြောသည်။

ဇွန်လ ၆ ရက် ယနေ့ နံနက် ၅ နာရီခန့်က သရက်နှစ်ခွရွာမှ ဥတ္တူရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ရွာထဲက နေအိမ်နှစ်လုံးကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် လမ်းတွင်တွေ့ရှိသည့် ဥတ္တူရွာသားနှစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်ပြီးနောက် ရွာထဲသို့ ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တို့ရွာသားအချင်ချင်း စကားပြောနေတုန်းမှာပဲ မီးခိုးတွေမဲတက်လာတယ်။ သူတို့ သီးသန့်ကြီးလာရှို့သွားတဲ့ သဘောမျိုးပဲပေါ့” ဟု ၎င်းက ပြောဆိုသည်။

နေအိမ်နှစ်လုံးစလုံးမှာ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

လမ်းပြခေါ်ဆောင်လာသည့် ဥတ္တူရွာသားနှစ်ဦးကို နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီး နေအိမ်နှစ်လုံးကို မည်သည့်အကြောင်းအရင်းကြောင့် မီးရှို့ခဲ့သည်ကိုမူ မသိသေးကြောင်း ဒေသခံအချို့က ဆိုသည်။

ဥတ္တူရွာထဲကို စစ်ကြောင်းထိုးဝင်လာချိန် (ငါးဖမ်း) ပိုက်ထောင်နေသည့် သရက်နှစ်ခွရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သေးပြီး ၎င်းတို့နှစ်ဦးကိုလည်း ပြန်လွှတ်ပေးခဲ့သည်ဟု သရက်နှစ်ခွရွာက အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျောက်လှေကားရွာဘက်ကို ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံအချို့က ပြောသည်။